Skip to main content

ဆေးဝါးစက်ရုံ (အင်းစိန်) မှ ပြည်သူများအတွက် အခြေခံအကျဆုံး ဆေးအမျိုးအစား ၁၉၀ ကို စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်လျက်ရှိ

နေပြည်တော် မေ ၆  

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် မြန်မာ့ဆေးဝါးလုပ်ငန်း အထွေထွေမန်နေဂျာနှင့် စက်ရုံမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆေးဝါးစက်ရုံအနေဖြင့် ပြည်သူများအတွက် လိုအပ်သော အခြေခံအကျဆုံး ဆေးဝါးအုပ်စု ၁၁ ခု၊ အမျိုးအစား ပေါင်း ၁၉၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ BPI အမှတ် တံဆိပ်၏ ကျော်ဇောမှုနှင့် အရည်အသွေးကို ထိန်းသိမ်းထားနိုင်သည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ ထိုကဲ့သို့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး သည် စက်ရုံအတွင်းရှိ ခေတ်မီကုန်ကြမ်း/ ကုန်ချောသိုလှောင်ရုံတွင် ကွန်ပျူတာစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနတွင် မြွေဆိပ်ဖြေဆေး အေးခဲခြောက်များ ထုတ်လုပ်နေမှု၊ အရည်အသွေးထိန်းသိမ်းရေးဌာနတွင် အရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။      

သတင်းစဉ်