ပဲခူး နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက် ၈နာရီခွဲက ပဲခူးမြို့တွင် ယာယီ ဖွင့်လှစ်ထားရှိသည့် သွန်းဘုရားဈေး၌ ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ လိုက်နာရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရေးတို့အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းအပြင် နှာခေါင်းစည်း(Mask)များ ဝေငှပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များတက်ရောက်ကြပြီး ကျန်းမာရေးနှင့်သက်ဆိုင်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ကူးစက်ရောဂါ လူနာများထားရှိသည့် ပဲခူးတက္ကသိုလ် သုံးထပ်ဆောင်နှင့် ပဲခူးတက္ကသိုလ်ဆေးရုံတွင် ဖွင့်လှစ်ထားရှိသည့် CB CENTER ကိုဗစ်-၁၉ ကုသရေး ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)