ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊
သတင်းထုတ်ပြန်ချက် ၁၃၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်)
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏
အပြီးသတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
၁။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာတပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်က တင်ပြခဲ့သည့် အပြီးသတ်အစီရင်ခံစာအပေါ် နိုင်ငံတော်သမ္မတရုံးက ၂၁-၁-၂၀၂၀ ရက်စွဲဖြင့် ICOE အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများပြုလုပ်ရန်၊ လက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်ပေါက်ခဲ့သည့် ပစ္စည်းဥစ္စာဖျက်ဆီးခံရမှုများ၊ လုယက်မှုများ၊ အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုများအား ဆက်လက်စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ညွှန်ကြားခဲ့ပါသည်။
၂။ နိုင်ငံတော်သမ္မတရုံးက ၂၄-၁-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၂၀ ဖြင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာအရ ဖြစ်စဉ် ၁၃ ခုတွင် ARSA နှင့် အလိုတူပူးပေါင်း ပါဝင်သူများ ကျူးလွန်မှု ၈၇မှု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျူးလွန်မှု ၂၃ မှု၊ ဒေသခံတိုင်းရင်းသားများ ကျူးလွန်မှု ၂၉ မှု ဖြစ်၍ အရေးယူဆောင်ရွက်ရမည့်အမှု စုစုပေါင်း၊ ၁၃၉ မှု ရှိပါသည်။
၃။ ICOE အစီရင်ခံစာတွင် ARSA နှင့် အလိုတူပူးပေါင်းပါဝင်သူများသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာဖျက်ဆီးမှု၊ အပါအဝင် ရာဇဝတ်မှု ၈၇ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ ၎င်းတို့အနက် အမှု ၆၇ မှုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး အမှု ၂၀မှု ကျန်ရှိပါသည်။ ICOE အစီရင်ခံစာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှု ၂၃ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ အမှု ၂၃ မှုကို အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။ ICOE အစီရင်ခံစာတွင် ဒေသခံတိုင်းရင်းသားများသည် လူသတ်မှု၊ မီးရှို့မှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုအပါအဝင် ရာဇဝတ်မှုပေါင်း ၂၉ မှုကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားရာ အမှု ၂၀ မှုကို အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး အမှု ၉ မှု ကျန်ရှိပါသည်။
၄။ ICOE အစီရင်ခံစာပါ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ဆောင်ရွက်မှု ပထမအကြိမ်အစီရင်ခံစာကို ၁-၅-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အစီရင်ခံစာကို ၁-၁၁-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့က နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ပါသည်။
၅။ ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ တိုင်ကြားချက်များ လက်ခံဆောင်ရွက်မည့် တိုင်တန်းမှု ယန္တရားတစ်ရပ်ကိုတည်ထောင်ပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်၊ ဆောင်ရွက်ချက်များကို လည်း အများပြည်သူသိရှိရန် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး