Skip to main content

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲနှင့် ဝတ္ထုတိုပြိုင်ပွဲ ဆုများစိစစ်ရွေးချယ်ခြင်းအစည်းအဝေး ကျင်းပ

ရန်ကုန်   နိုဝင်ဘာ  ၂၃

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင်  ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ်  ဆောင်းပါးနှင့် ဝတ္ထုတိုပြိုင်ပွဲဆုများ ချီးမြှင့်ရေးအတွက် ဆောင်းပါးဆု စိစစ် ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊   သိမ်ဖြူလမ်းရှိ   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ   အစည်းအဝေးခန်းမ၌ လည်းကောင်း၊  ဝတ္ထုတိုဆုများ  စိစစ် ရွေးချယ်ခြင်းကို Online Video Con-ferencing စနစ်ဖြင့် လည်းကောင်း  ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများကို   ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများ၊   နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးစနစ်များနှင့်အညီ      ပညာ သင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများ၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့်  လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးကို အကျိုးပြုနိုင်သော    စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရေးသားယှဉ်ပြိုင်ရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉  ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ဖိတ်ခေါ်ခဲ့ရာ ဆောင်းပါးပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်သူ   ၆၄   ဦးတို့က   ပြိုင်ပွဲဝင်ဆောင်းပါး  ၆၄ ပုဒ်ကိုလည်းကောင်း၊ ဝတ္ထုတိုပြိုင်ပွဲတွင်  ပြိုင်ပွဲဝင် ၄၁  ဦးက ပြိုင်ပွဲဝင်ဝတ္ထုတို ၄၁ ပုဒ်ကို  လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်ဆောင်းပါးများနှင့် ဝတ္ထုတိုများ    ဆုစိစစ်ရွေးချယ်ခြင်းကို စာပေပညာရှင်များနှင့် ရန်ကုန်တက္ကသိုလ်မှ  ကိုယ်စားလှယ် များက  ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ်ရွေးချယ် ခဲ့ကြသည်။      ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု အဖြစ် ဦးတင်ထွန်း (ချယ်ရီမြေ မောင်တင်ထွန်း)၊   ဒုတိယဆုအဖြစ် ဦးသက်ဦး     (သက်ဦးမောင်-မဟာ ဝိဇ္ဇာ)၊ တတိယဆုအဖြစ် ဦးပွင့်သူအောင်    (တက္ကသိုလ်ပွင့်သူအောင်)၊ အထူးဆုများအဖြစ်     အထူးဆု-၁ ဒေါ်သင်းသင်းဇင်        (ဇင်-ရန်ကုန် တက္ကသိုလ်)၊ အထူးဆု-၂ ဦးစိန်ဝင်း  (ပန်းမြိုင်လယ်စိန်ဝင်း-ဥပဒေ)၊ အထူး ဆု-၃     ဦးညွန့်မောင်    (မိုးမင်းဇော်)၊ အထူးဆု-၄ ဦးဇော်လွင်ဦး (ကိုတူး-သာယာမြိုင်)၊ အထူးဆု-၅ ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)    တို့ကလည်း ကောင်း၊ ဝတ္ထုတို ပြိုင်ပွဲတွင် ပထမဆုအဖြစ် ဦးမင်းသိန်းမွန် (အောင်ဟိတ်)၊ ဒုတိယဆုအဖြစ် မောင်ဝေယံမောင် မောင် (ကောလိယဝေယံမောင်မောင်)၊ တတိယဆုအဖြစ်       ဦးမြင့်သိန်း (ထွန်းနိုင်)၊ အထူးဆုများအဖြစ် အထူးဆု-၁ ဦးဝင်းသိန်း (ကျောင်းဆရာ  ကိုကိုဝင်း-ပျဉ်းမနား)၊   အထူးဆု-၂ ဒေါ်သင်းသင်းဇင် (ဇင်-ရန်ကုန်တက္ကသိုလ်)၊ အထူးဆု-၃ ဒေါ်အေးအေး ဟန် (ခင်အေးအေးဟန်) ၊ အထူးဆု-၄    ဦးစိန်လှအောင်  (စိန်လှအောင်- မြန်မာစာ)၊ အထူးဆု-၅ ဒေါ်ခင်အုန်းမြင့်   (နန္ဒာခင်-သက္ကလမြေ)   တို့ကလည်းကောင်း     အသီးသီးဆုများ ရရှိခဲ့ ကြသည်။   အဆိုပါ    ဆောင်းပါး၊ ဝတ္ထုတို ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံအသိပေးအကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)