Skip to main content

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   နိုဝင်ဘာ   ၂၃

ရန်ကုန်တက္ကသိုလ်  နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့် အောင်မြင်စွာကျင်းပနိုင်‌ရေး အကြိုညှိနှိုင်း     အစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီတွင် ပြန်ကြား ရေးဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့    ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဖေမြင့်၊   ပညာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီဌာန မြို့တော်ဝန် ဦးမောင်မောင်စိုး၊    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊  ဌာနဆိုင်ရာ အကြီးအကဲများ၊   ပါမောက္ခချုပ်များ   ကော်မတီ ဥက္ကဌဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊     ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းနှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က       ရန်ကုန် တက္ကသိုလ်   နှစ် (၁၀၀)ပြည့် ရာပြည့် သဘင်အခမ်းအနားကို    Virtual စနစ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ပါကြောင်း၊    ရန်ကုန်တက္ကသိုလ်   နှစ် (၁၀၀)ပြည့်    ရာပြည့် သဘင်အခမ်းအနား    အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   ပညာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များတွင် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့်   တတ်နိုင်သရွေ့   ဝိုင်းဝန်းပါဝင်  ဆောင်ရွက်လျက်ရှိပါကြောင်း။

ပါဝင်ဆောင်ရွက်

ထိုသို့ဆောင်ရွက်ရာတွင် ရာပြည့်သဘင်အခမ်းအနားအပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင် ရွက်နေသည့် အခြားအစီအစဉ်များ  ရှိပါကြောင်း၊    ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့်   အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားက ထုတ်လွှင့်လျက်ရှိသည့်   ရုပ်သံအစီ အစဉ်များလည်းရှိပါကြောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက ထုတ်ဝေလျက်ရှိသည့်  သတင်းစာများတွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်    အထိမ်း အမှတ်  ဆောင်းပါးများ၊ အင်တာဗျူးများကိုလည်း ဖော်ပြ‌ပေးလျက်ရှိပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြပွဲ၊ ပြိုင်ပွဲ အစီအစဉ်များတွင်    ပါဝင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ရန်ကုန်တက္ကသိုလ်  နှစ်(၁၀၀) ပြည့်  ရာပြည့်နှင့်ပတ်သက်၍ ဗဟိုကော်မတီနှင့် ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်များကိုလည်း အများပြည်သူ သိရှိနိုင်ရေးအတွက်   ပြန်ကြားရေး ဝန်ကြီးဌာန၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊  သတင်းစာများနှင့်   လူမှု မီဒီယာများမှတစ်ဆင့်   ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊     ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်း အမှတ်တေးသီချင်းများ၊ ဂုဏ်ပြုအစီအစဉ်များ၊ TV Spot များ၊ Theme Song များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း။

 တက္ကသိုလ်ဖွဲ့ တေးသီချင်းအပုဒ် ၁၀၀ ကိုလည်း အပတ်စဉ်  ထုတ်လွှင့် ပေးလျက်ရှိသည်ကို အားလုံးသိရှိကြ ပြီးဖြစ်ပါကြောင်း၊  တက္ကသိုလ်အငြိမ့် များကိုလည်း ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိပါကြောင်း၊  ထို့အပြင် လုပ်ငန်း ကော်မတီများ၏  အစီအစဉ်များကိုလည်း  ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိပါကြောင်း။

 အသိပေးဖော်ပြ သွားမည်

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို လူစုလူဝေးဖြင့်     ပွဲကြီးလမ်းကြီး အဖြစ် မကျင်းပနိုင်တော့သော်လည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ  ၁ ရက်တွင် Virtual    Celebration   အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  အခမ်းအနားကျင်းပမည့်အကြောင်း ကို  အများပြည်သူသိရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားနှင့်  သတင်းစာများတွင်  အသိပေးဖော်ပြ သွားမည်ဖြစ်သည့်အပြင်  ရန်ကုန်မြို့တွင် Bill  Board  များဖြင့်   ကြော်ငြာ နိုင်ရေးကိုလည်း   ပညာရေးဝန်ကြီးဌာန၊   ပြန်ကြားရေးဝန်ကြီးဌာနနှင့်   ရန်ကုန်တိုင်းဒေသကြီး    အစိုးရအဖွဲ့တို့  ပူးပေါင်းဆောင်ရွက်လျက်    ရှိပါကြောင်း။

ထိုသို့     ဆောင်ရွက်ရာတွင်  ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီ New Normal ပုံစံဖြင့် ဆောင်ရွက်ကြရ ပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဗဟိုကော်မတီမှ တာဝန်ပေးသည့်   ရာပြည့်တက္ကသိုလ် မြကျွန်းညိုခေါင်းစဉ်ဖြင့်   ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ကျင်းပခဲ့သည့်အပြင် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲများကို  ဆောင်ရွက် ခဲ့ပါကြောင်း၊ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိ သူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ကျန်သည့်ပြိုင်ပွဲ တွင် ဆုရရှိသူများကို   ပညာရေးဝန်ကြီးဌာနက ဆုချီးမြှင့်ပေးသွားမည် ဖြစ်ပါ ကြောင်း။

ရန်ကုန်တက္ကသိုလ်  နှစ်(၁၀၀)ပြည့် ရာပြည့်အချိန်နှင့် ကြုံကြိုက်သည်မှာ   ကံကောင်းခြင်းဖြစ်ပြီး  ကိုဗစ်-၁၉ ကြောင့်  တချို့အစီအစဉ်များကို  လျှော့ခဲ့ရသော်လည်း ရာပြည့် အခမ်းအနားကို ရာပြည့် ပြည့်မြောက် သည့်အချိန်ကာလတွင်  ရာပြည့်ပွဲ ပီပီသသဖြစ်မြောက်စေရန် တတ်နိုင်သမျှ   ဝိုင်းဝန်းကြိုးပမ်းနေကြခြင်း ဖြစ်ပါကြောင်း၊  မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယခုဆောင်ရွက်နေသည့် အစီအစဉ်များအပြင်   ဆက်လက်ဆောင်ရွက်ရမည့်   အစီအစဉ်များရှိနေပြီး  ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ     မျိုးသိမ်းကြီးက ပြည်ထောင်စုဖွား   တိုင်းရင်းသား အားလုံး၏ နှလုံးသည်းပွတ်ဖြစ်သည့် ရန်ကုန် တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်      အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ   ကျင်းပရန် စီစဉ်ထားသော်လည်း  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နေရသည့်အတွက်  ပြန်ကြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် Virtual Celebration ကျင်းပရန် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။

အစီအစဉ်  ၁၀၀ ဝန်းကျင်ရှိ

ရန်ကုန်တက္ကသိုလ်   ရာပြည့် အခမ်းအနားနှင့်        ပတ်သက်၍  ဆောင်ရွက်ရန်    အစီအစဉ်   ၁၀၀ ဝန်းကျင်ရှိပါကြောင်း၊   အဆိုပါအစီ အစဉ်များမှ အများစုကို ပြန်ကြားရေး  ဝန်ကြီးဌာန၏ ကူညီပံ့ပိုးပေးမှုဖြင့် စီစဉ်     ဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်   အခမ်းအနား   စနစ်တကျ  အောင်အောင်မြင်မြင်     အကောင် အထည်ဖော်       ဆောင်ရွက်နိုင်ရေး အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ၁၇ ခု ဖွဲ့စည်းပြီး  အစီအစဉ် ၇၀ နီးပါးကို     အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် မတ်လနောက်ပိုင်းမှစတင်၍    အားကစားနှင့်    ပျော်ပွဲရွှင်ပွဲများ မှလွဲ၍ ကျန်သည့်      အစီအစဉ်များကို  ဆောင်ရွက် နိုင်ပါကြောင်း၊  အားကစား ပြိုင်ပွဲများကိုလည်း  ၂၀၁၉  ခုနှစ် ဒီဇင်ဘာလ၊ ယခုနှစ် ဇန်နဝါရီ၊ ဖေဖော် ဝါရီ ၊ မတ်လများက အားကစားပြိုင်ပွဲ များနှင့်  အချို့ပြပွဲ၊  ပြိုင်ပွဲများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဂုဏ်ပြုချီးမြှင့် 

ပြိုင်ပွဲဝင်ဆုနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သည့် အဆိုပြုအခမ်းအနား အစီအစဉ် ၇ ခု တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်  သုတေသနစာတမ်း ဖတ်ပွဲကျင်းပရေးကော်မတီ ပါမောက္ခ ချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုး ဦးစီးပြီးဆောင်ရွက်ခဲ့သည့် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမှု ဗီဒီယိုနှင့်  ဂုဏ်ပြုချီးမြှင့်သည့်  အစီအစဉ်ကို ထည့်သွင်းသွားမည် ဖြစ်ပါကြောင်း။

ရန်ကုန်တက္ကသိုလ်     ရာပြည့် သဘင်အခမ်းအနားကို MRTV Face-book Page မှ တိုက်ရိုက်ထုတ်လွှင့်ရန် MRTV ဘက်မှ  စီစဉ်ထားရှိသကဲ့သို့  ရန်ကုန်တက္ကသိုလ်     ကျောင်းသား ဟောင်းများ၊    ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊  တိုင်းရင်းသားပြည်သူ များ   ကျယ်ကျယ်ပြန့်ပြန့်   ကြည့်ရှုနိုင်ရန်အတွက်  ရန်ကုန်တက္ကသိုလ် Face-book Page မှလည်း  ထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက်စေလိုပါကြောင်း၊  ရန်ကုန်တက္ကသိုလ်   ရာပြည့်သဘင် အခမ်းအနား Virtual Celebration ကျင်းပနိုင်ရေးအတွက်    ကူညီပံ့ပိုး ဆောင်ရွက်ပေးသည့် တာဝန်ရှိသူ အားလုံးကို  ပညာရေးဝန်ကြီးဌာနမှ ကျေးဇူးတင်ပါကြောင်း၊ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ယင်းနောက်  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တက္ကသိုလ်   နှစ်(၁၀၀)ပြည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး  ရန်ကုန်မြို့တွင်  ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို  ပြည်ထောင်စု အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ဦးစီးပြီး    ပြင်ဆင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ဘေးကြီး   ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားနေပြီး  ရန်ကုန်တိုင်းဒေသကြီး သည်လည်း    ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်  နှစ်(၁၀၀)ပြည့် အခမ်းအနားကို Virtual ဖြင့် အွန်လိုင်း မှ ကျင်းပနိုင်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်ပေးကြသူ   အားလုံးကို  ကျေးဇူးတင်ပါကြောင်း၊ မိမိတို့   တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးရမည့်   ကိစ္စရပ် များကို    ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က  ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေး  လုပ်ငန်းကော်မတီ၏ လုပ်ငန်း  ဆောင်ရွက်ချက်များကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ သိန်းဝင်းက  ရန်ကုန်တက္ကသိုလ်      ရာပြည့်သဘင်  အခမ်းအနားကျင်းပနိုင်ရေး  ဆောင်ရွက်ထားမှုများကို    လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး   စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ   မြို့တော်ဝန်   ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ခေတ္တညွှန်ကြားရေးမှူးချုပ်  ဦးအေးကြွယ်၊    ပါမောက္ခချုပ်များ   ကော်မတီ ဥက္ကဋ္ဌ ဆေးတက္ကသိုလ် (၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊    ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်   ဒေါက်တာ ဖိုးကောင်းနှင့် တက်ရောက်ကြသူများ က   အကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး       ဒေါက်တာ မျိုးသိမ်းကြီး က    နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။         

သတင်းစဉ်