Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာလ ၂၃

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ  Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူသည်။

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လှူဒါန်းရသည့် အကြောင်းနှင့် စပ်လျဉ်း၍ ထိုင်းအခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတစ်ခုဖြစ်သော PTTEP ကုမ္ပဏီမှ လူမှုတာဝန်သိစိတ် (Corporate Social Responsibility (CSR)) ဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ(၁) သိန်း လှူဒါန်းခြင်းဖြစ်ပါကြောင်း၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ယနေ့အထိ လှူဒါန်းငွေနှင့် လှူဒါန်းပစ္စည်း တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ (၉) သိန်းခန့်ရှိပြီဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ပြည်သူများအား မီတာခများ လျှော့ပေါ့ကောက်ခံခြင်းနှင့် ကိုဗစ်-၁၉ လူနာများကို ကုသမှုပေးနေသော ပြည်သူ့ဆေးရုံများနှင့် ကုသရေးဌာနများ၌ လျှပ်စစ်မီး မပြတ်တောက်စေရေးတို့ကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် DKSH Myanmar Ltd မှ တာဝန်ရှိသူတစ်ဦးက မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုသည့် အနေဖြင့် ကျပ်သိန်း(၁,၄၀၀) ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Ayar- MED Myanmar Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက  မိမိတို့ Ayar- MED Myanmar Co.,Ltd အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများ လှူဒါန်းမှုများကို ပြုလုပ်လျက်ရှိပြီး ယခု Remdesivir 100 mg ထိုးဆေး (၄၈၀) ပုလင်းကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားရာ ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံး၌ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ မိမိတို့နိုင်ငံတွင် စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံးပြန်လည် လုပ်ကိုင် လာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် အတွက် ပြည်သူများ၏ တာဝန်သိစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း ပြောကြားသည်။

ယင်းနောက် PTTEP International (Yangon) Brach and Andaman Transportation Ltd မှ အမေရိကန်ဒေါ်လာ (၁) သိန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် Ayar-MED Myanmar Co.,Ltd က Remdesivir 100 mg Injection (၄၈၀) ပုလင်း လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံကာ မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် DKSH Myanmar Ltd က စုစုပေါင်း ကျပ်ငွေ (၁၄၀,၂၉၆,၀၀၀) တန်ဖိုးရှိ Portable X-Ray စက်များအပါအဝင် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့ရာ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)