Skip to main content

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ(IDP)များ ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရာတွင် ပံ့ပိုးကူညီရန် နည်းပညာဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာစေရေး အတွက် နည်းပညာ ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့်ပတ်သက်၍  ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က  ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs) များအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်  ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် မှီခိုမှုကင်းသော ဘ၀များရရှိရန်တို့အတွက် ရည်ရွယ်ကြောင်း၊ ပြန်လည်နေရာချထားမည့်လုပ်ငန်းစဉ်များကို မဟာဗျူဟာတွင် စနစ် တကျထည့်သွင်း ရေးသားထားပြီးဖြစ်ကြောင်း၊ ပြည်နယ်လုပ်ငန်းကော်မတီက လုပ်ငန်း ကဏ္ဍအလိုက် ဆပ်ကော်မတီ(၉)ခု ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် အစိုးရဌာနဆိုင်ရာများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ ပြည်သူများသာမက ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့ အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

 ကချင်ပြည်နယ်အတွင်းရှိ ပြန်လည်နေရာချ ထားရေးလုပ်ငန်းစဉ်များတွင် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေး၀မ်း ကျောင်းဆိုင်ရာလုပ်ငန်းများ ဖော်ဆောင်ရေး၊ လူမှုပေါင်းစည်းရေး၊ အခြေခံအဆောက်အဦဆိုင်ရာ စီမံခန့်ခွဲရေး၊ သတင်းနှင့်ပြန်ကြားရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ် စွာသွားလာခွင့် မြှင့်တင်ပေးရေး၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် အထောက်အကူပြုရေး စသည့်ကဏ္ဍအသီးသီးတွင် မဟာဗျူဟာပါ ဖြေရှင်းဆောင်ရွက်မှု နည်းလမ်းများကို တည်ဆဲ ဥပဒေများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ အစည်းအဝေးများတွင် လက်မှတ်ရေးထိုးခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်၊ လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက်တို့နှင့်အညီ ဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် နိုင်ငံရေးလမ်းစဉ်တွင် တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားရေးရာ မူဝါဒတွင် လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ရင်းနှီးခင်မင်စွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း။

ကချင်ပြည်နယ်နေရပ် ပြန်လုပ်ငန်းများတွင် UN Core Group ဝင်များဖြစ်ကြသော ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး (UNRCO)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၊ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း(IOM)၊ ကုလသမဂ္ဂမြို့ပြအခြေချနေထိုင်မှုအစီအစဉ် (UN Habitat)၊ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့က ကဏ္ဍအလိုက် နည်းပညာနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးသွားကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရကဦးဆောင်သည့် နည်းပညာဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့၏ လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုထားပြီး အစိုးရက အတည်ပြု ထုတ်ပြန်ထားသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါအချက်များနှင့် ကိုက်ညီအောင်လည်း ရေးဆွဲရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယ၀န်ကြီး၊ အမြဲတမ်းအတွင်း၀န်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုခဲ့ကြသည်။ ထိုနည်း ပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်သည် အစိုးရကို နည်းပညာပေါင်းစပ် ညှိနှိုင်းရေးအတွက် ထိရောက်စွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)