လယ်ဝေး နိုဝင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀) အချိန် က လယ်ဝေးမြို့ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းနှင့်ဇနီး ဒေါ်မိမိအုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများ၊ ဧည့်ပရိသတ်များက "နမော တဿ" (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီး လယ်ဝေးမြို့ ဘုရားကြီးကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တအရိယဝံသ မဟာဂန္ဓဝါစကပဏ္ဍိတ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု (၆၁၇၇၈၅၀)ကျပ်ကို ဒုတိယဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများ၊ တာဝန်ရှိသူများ က ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အလှူတော်မင်္ဂလာအခမ်းအနားကို "ဗုဒ္ဓသာသနံ စီရံ တိဌတု" (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)