ရန်ကုန် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဂျိုးဖြူ ဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါ ဓာတ်အားခွဲရုံများ၌ ကျင်းပသည်။
အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့်အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုက်ကြီးမြို့နယ်ရှိ 33/11 kV, 5MVA ဂျိုးဖြူဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ 33/11 kV, 5 MVA သိမ်ကုန်းဓာတ်အားခွဲရုံဖွင့်ပွဲ၌ အဖွင့်အမှာစကားပြောကြား ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေအသုံးပြု၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်း တည်ဆောက် ခဲ့သော ဓာတ်အားခွဲရုံ ၁၃ ရုံရှိရာ မြောက်ပိုင်း ခရိုင်အတွင်း တည်ဆောက်ရန် ဖြစ်သော ဓာတ်အားခွဲရုံ ခြောက်ရုံအနက် မှော်ဘီမြို့နယ်တွင် 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ရေကျော် ဓာတ်အားခွဲရုံနှင့် ဝါးနက်ချောင်း ဓာတ်အားခွဲရုံ နှစ်ရုံတို့ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်အတွင်း 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ကျူတော ဓာတ်အား ခွဲရုံနှင့် တက်သစ်ကျွန်း ဓာတ်အားခွဲရုံ တို့ကိုလည်းကောင်း ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ယနေ့တွင် တိုက်ကြီးမြို့နယ်ရှိ 33/11 kV, 5 MVA ဂျိုးဖြူ ခွဲရုံအား ဖွင့်လှစ်ပေးခဲ့ပြီး၊ ယခု အခါ 33/11 kV, 5 MVA သိမ်ကုန်းခွဲရုံအား ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက် ပေးနိုင်ခဲ့သဖြင့် ကျေးရွာပေါင်း ၁၂ ရွာ၊ အိမ်ထောင် စုပေါင်း ၈၀၀ ကျော်မှာ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ် ဓာတ်အားကို တိုးမြှင့်သုံးစွဲ လာနိုင်မည်ဖြစ်ကြောင်း၊ ယနေ့အထိ မြောက်ပိုင်း ခရိုင်အတွင်း 33/11 kV, 5 MVA ဓာတ်အားခွဲရုံသစ် စုစုပေါင်း ခြောက်ရုံကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ဓာတ်အား ပေးခွဲရုံ များ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက် ၍ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်ဒေသများသို့ လျှပ်စစ် ဓာတ်အား ရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ အားလုံး (၁၀၀ ရာခိုင်နှုန်း) အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သို့ပါ၍ လျှပ်စစ်မီး ထပ်မံရရှိသွားသည့် ပြည်သူများ အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစစ ထပ်မံ တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် သိမ်ကုန်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကာ ခွဲရုံအတွင်း လှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်