Skip to main content

ကလေးသူငယ်အခွင့်အရေးကာကွယ်

မျက်မှောက်ကာလတွင် လူမှုဘဝနယ်ပယ်၌ စီးပွားရေး၊ လူမှုရေး စသည့် အရေးကိစ္စအမျိုးမျိုးတို့ဖြင့် နိစ္စဓူဝ နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်ကြသည် မှန်သော်လည်း မိမိတို့၏ရင်သွေး၊ မိမိတို့၏ကလေးသူငယ်များကို မေ့လျော့ပစ်ပယ်ထားခြင်း အလျင်းမပြုမိစေဘဲသတိပြုစောင့်ရှောက်ပေးသင့် ပေသည်။ ကလေးသူငယ်ဆိုသည်မှာ အသိမကြွယ်အားငယ်သောအရွယ်ဖြစ်၍ မဖြစ်သင့်မဖြစ်ထိုက်သော အမှုကိစ္စများမဖြစ်ရလေအောင် ဂရုစိုက် စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။
ယခုအခါ ကလေးသူငယ်များနှင့်ပတ်သက်၍ လျစ်လျူရှုစွန့်ပစ်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ ပြစ်မှုကျူးလွန်မှုများကို စိတ်မချမ်းမြေ့ဖွယ် ကြားသိ နေရသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းကလေးသူငယ်များ၊ ပညာမသင်ရဘဲ အလုပ်လုပ်နေရသော ကလေးသူငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းကလေးသူငယ်များ၊ တိုက်ပွဲရှောင်ကလေးသူငယ်များ၊ လူကုန်ကူး ခံရသောကလေးသူငယ် လူငယ်လူရွယ်များ၊ စွန့်ပစ်ခံ ရင်ခွင်မဲ့ကလေးငယ်များ၊ လမ်းပေါ်နေလေလွင့်ကလေးသူငယ်များ၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသော ကလေးငယ်များ၊ ဥပဒေနှင့် ရင်ဆိုင်နေရသောကလေးသူငယ်များ ရှိနေသည်။
အဆိုပါ ကလေးသူငယ် ငယ်ရွယ်သူများ၏ဘဝများ လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုက်အဝန်း အတွင်း၊ မိသားစုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဓိကဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော်အခြားဆက်စပ်ဌာနများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့ အစည်း(ယူနီဆက်) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူ များနှင့်ပါ ပူးပေါင်းလက်တွဲပြီး ကလေးသူငယ်များဆိုင်ရာအရေးကိစ္စများ ကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းတည်ဆောက် နေပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ဦးတည်ရည်မှန်း ထားရာ တိုင်းရင်းသားဒေသများမှ ကလေးသူငယ်များအပါအဝင် ပြည်သူ တစ်ဦးချင်းစီအပေါ်တွင် လူမျိုး၊ ဘာသာ၊ ဒေသ၊ အဆင့်အတန်းမခွဲခြားဘဲ။ တိုင်းရင်းသားပြည်သူများ တစ်ဦးတစ်ယောက်မျှ ချန်လှပ်မထားဘဲ သာတူ ညီမျှ အခွင့်အရေးရရှိခံစားနိုင်ရေး၊ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးတို့ကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့၌ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ယနေ့ထက်တိုင် ပါဝင်ဆောင်ရွက်နေသည်။ ကလေးသူငယ်များနှင့်ပတ်သက်၍ အခြားနိုင်ငံ များနည်းတူ တက်ကြွစွာလုပ်ကိုင်ဆောင်ရွက်နေပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများ ရေးဆွဲပြဋ္ဌာန်းဆောင်ရွက်နေသည်။ ၂၀၁၂ ခုနှစ်တွင် ကလေးသူငယ်အားရောင်းချခြင်းနှင့် ညစ်ညမ်းရုပ်ပုံများဆိုင်ရာ နောက်ဆက်တွဲ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေသစ် အဖြစ် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂကွန်ဗင်းရှင်း၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
ကလေးသူငယ် တစ်ဦးချင်းစီအတွက် ကလေးသူငယ်အခွင့်အရေးများ နှင့်အညီ နည်းမှန်လမ်းမှန် ပြုစုကာကွယ်စောင့်ရှောက်ပေးနိုင်ရန် စနစ်ကျ သည့်မူဝါဒများ၊ ဥပဒေများ လိုအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကလေး သူငယ်ဆိုင်ရာ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ငါးနှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ယခုနှစ်ကုန်တွင် ကုလသမဂ္ဂကွန်ဗင်းရှင်းသို့ အစီရင်ခံတင်ပြရမည်ဖြစ်၍ ဒီမိုကရေစီစံနှုန်း များနှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို လက်တွေ့အကောင် အထည်ဖော်နိုင်မှုအား ထုတ်ဖော်သက်သေပြနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်မှုပေးရေးများတွင် အခက်အခဲများ ရှိနိုင်သော်လည်း လတ်တလောဖြစ်ပေါ်နေသော ကလေးသူငယ်ဆိုင်ရာ ပြဿနာများ၊ အခက်အခဲများ၊ လိုအပ်ချက်များအား အားလုံးဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ပေးခြင်းအားဖြင့် အနာဂတ်မျိုးဆက်များအား ပစ်ပယ် ထားရာမရောက်ဘဲ တိုးတက်ဖွံ့ဖြိုးလုံခြုံစိတ်ချအောင် စောင့်ရှောက်ပေးရာ ရောက်မည် ဖြစ်ပါကြောင်း။