Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့တို့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဧပြီ ၁၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့တက်ရောက်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITIKHOUN နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ဌာနညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ် ဌာနညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ H.E.Mr. Bounphieng မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံသံအမတ်ကြီး CHANTHAVONG ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည့်အခြေအနေများ၊ နိုင်ငံများအကြား သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။