Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကျင်းပ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသောပုဂ္ဂိုလ်များ နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်၌ ကတိသစ္စာပြု

နေပြည်တော် ဧပြီ ၁၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လိုက်ပါလာသည့် အထူးယာဉ်တန်းသည် ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့၏ ဦးဆောင်ကြိုဆိုမှုဖြင့် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်ရှိ ဂုဏ်ပြုဆောင်ခန်းမကြီးသို့ ရောက်ရှိလာရာ ဒုတိယသမ္မတ ဦးညိုစော၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ထိုသို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၂၁ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးပြီး နိုင်ငံတော်သမ္မတအား ဂုဏ်ပြုတပ်ဖွဲ့က စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ အကြီးအကဲများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

အခမ်းအနားတွင် ကတိသစ္စာခံယူမည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသော ပုဂ္ဂိုလ်များသည် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်၌ နေရာယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးတင်အောင်စန်းက ကတိသစ္စာကို တိုင်ပေးပြီး ကတိသစ္စာပြုသည့် ပုဂ္ဂိုလ်အားလုံးက “ကျွန်ုပ် ------------- သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်၏ တရားဥပဒေများကို ထိန်းသိမ်းစောင့်ရှောက်ပါမည်။ ကျွန်ုပ်ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ထမ်းဆောင်ပါမည်ဟု လေးနက်တည်ကြည်စွာကြေညာ၍ ကတိသစ္စာပြုပါသည်။” ဟူ၍ ကတိသစ္စာပြုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းမြွက်ကြားသည်။

ယင်းနောက် အခမ်းအနားမှူးက နိုင်ငံတော်သမ္မတ မြွက်ကြားခဲ့သော မိန့်ခွန်းကို မှတ်တမ်းတင်ခွင့်ပြုပါရန်တင်ပြရာ နိုင်ငံတော်သမ္မတက ခွင့်ပြုသည့်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မိန့်ခွန်းကို မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် အခမ်းအနားမှူးက ကတိသစ္စာပြုခြင်းအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်းကြေညာပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော၊ ဒေါ်နန်းနီနီအေးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ဒုတိယသမ္မတများနှင့်အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်တို့နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တရားသူကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပြည်ထောင်စုဝန်ကြီးများပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ဒုတိယဝန်ကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းကို ဆောင်ရွက်ခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခမ်းအနား တက်ရောက်လာကြသူများအား သမ္မတအိမ်တော်၊ Banquet Hall ၌ ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။

ဂုဏ်ပြုလက်ဖက်ရည်သုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတက အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်မှ နိုင်ငံတော်သမ္မတရုံးတော် သွားရောက်ရာလမ်းကြောင်းတစ်လျှောက်၌ နိုင်ငံတော်သမ္မတရုံးဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာဖြင့် ခရီးဦးကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။