Skip to main content

ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်တွေကို အားလုံးလိုက်နာတဲ့အချိန်၊ လိုက်နာမှုအားအကောင်းဆုံးအချိန်မှာ ကိုဗစ်-၁၉ကူးစက်မှု လျော့ကျသွားမှာ ဖြစ်ပါတယ်(ဒေါက်တာထွန်းမြင့်)

 

တွေ့ဆုံမေးမြန်း - မင်းသစ်(MNA) ဓာတ်ပုံ-ဇော်မင်းလတ်(MNA) နှင့် ကျော်ဇေယျာဝင်း

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့်အချိန်မှစ၍ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး လူသေဆုံးမှုများလည်း များပြား လာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စီမံချက်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးတို့အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည် -

ဒေါက်တာထွန်းမြင့်

ဒုတိယညွှန်ကြားရေးမှူးချုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်

ကုသရေးဦးစီးဌာန

(ယမန်နေ့မှ အဆက်)

မေး။ ။ ရန်ကုန်တိုင်းဒေသကြီးက ကိုဗစ်ကူးစက်မှုနဲ့ လူသေဆုံးမှု ဘာကြောင့်များလာသလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုက ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နောက်ပိုင်းမှာ ကူးစက်မှုတွေ မြင့်တက်လာတယ်။ ကိုဗစ်ပထမလှိုင်း မှာတုန်းကတော့ ကူးစက်မှုနည်းတဲ့အတွက် နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ ပြည်ပကပြန်လာတဲ့သူတွေက တွေ့တယ်။ အဲ့ဒီကနေ တစ်ဆင့်ကူးစက်တယ်။ အဲ့ဒီတုန်းက နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခဲ့ကြတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာတော့ ဩဂုတ် ၁၇ ရက်ကစပြီး Positive လူနာ ၃၇၅ နောက်မှာ ကူးစက်မှုများလာတယ်။ များလာတဲ့အခြေအနေကတော့ ဒီကာလမှာ တခြားပြည် နယ် / တိုင်းဒေသကြီးတွေက ရန်ကုန်ကို ဝင်လာတာ အထူးသဖြင့် အနောက်ဘက်ကနေ ဝင်လာတယ်လို့ သုံးသပ်လို့ရပါတယ်။ ဟိုဘက်မှာ တစ်လလောက် ဖြစ်တဲ့ အချိန်မှာ ရန်ကုန်ကိုခရီးသွား ဘယ်လောက်ဝင်လာမလဲ ဆိုတာ မှန်းကြည့်လို့ရပါတယ်။ ဒီလူတွေအားလုံးကလည်း ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေထိုင်ကြတယ်။

လက်ခံရဆုံးအခြေအနေ

ပြီးတဲ့အခါကျတော့ ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို သွားကြတဲ့သူတွေပါတယ်။ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကလည်း အခုဆိုရင်များလာတဲ့ အခြေအနေတွေ တွေ့ရတယ်။ ရန်ကုန်တိုင်းဒေသကြီးကတော့ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ ရန်ကုန်က လူနေထူထပ်တာလည်းပါတယ်။ ဒီထဲမှာလည်း ရွှေ့ပြောင်းသွားလာနေရတဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေ၊ စက်ရုံတွေရဲ့အခြေအနေတွေ၊ နောက်တစ်ခုက ဈေးတွေ။ ဈေးတွေဆိုရင်လည်း အနယ်နယ်အသီးသီးက ရန်ကုန်မြို့နဲ့ ကူးလူးဆက်ဆံနေကြတယ်။ ရန်ကုန်မြို့တော် ကြီးက အားလုံးကိုလက်ခံထားရတော့ ကိုဗစ်-၁၉ မှာလည်း လက်ခံရဆုံးအခြေအနေမှာကို ရောက်နေပါတယ်။

ဒါကြောင့်မို့ ရန်ကုန်မှာတော့ ကူးစက်မှုတွေက ဒီလို အခြေအနေကြောင့် များလာတာကတစ်ပိုင်း၊ ပြည်သူလူထုကိုလည်း ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ တစ်ယောက် နဲ့တစ်ယောက် ခပ်ခွာခွာနေထိုင်ရေးနဲ့အညီနေကြပါ၊ Mask တပ်ကြပါ၊ လက်သန့်ဆေးတွေ စနစ်တကျသုံးကြပါ၊ လူစုလူဝေးမလုပ်ကြပါနဲ့ဆိုပြီး ပြည်သူလူထုကို ကျန်းမာရေးအသိပညာ ပိုပြီးပေးရမယ့် အခြေအနေပါ။

ဒီလိုအခြေအနေမှာ ကျန်းမာရေးအသိပညာ ပိုပြီး လုပ်ရမယ့် ပြည်သူလူထုတွေနဲ့ ပိုပြီးတွေ့နေရတယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်အရလည်းပဲ ကူးစက်မှုက ပိုပြီးဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ကိုဗစ်-၁၉ ရောဂါ ဘယ်တော့ပြီးမလဲဆိုရင် ကိုဗစ်-၁၉ ပြီးမယ့်အခြေ အနေကတော့ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ကြေညာချက်တွေကို အားလုံးလိုက်နာတဲ့အချိန်၊ လိုက်နာမှု အားအကောင်းဆုံးအချိန်မှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှုစီမံချက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်ရေးက ဆေးရုံပေါ်ကနေ ထိုင်ကု နေရုံနဲ့ အဆင်မပြေဘူး။ အဆင်မပြေတော့ ဒီနေရာမှာ အဓိကကျတာက ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ အရှိန်မြှင့်မှပဲ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ကို ဖြတ်တောက်ပြီးတော့ ပြည်သူလူထုကို အမြန်ဆုံးကယ်တင်နိုင်မယ့် အခြေအနေပါ။ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ ရှေ့တန်းတင်ဆောင်ရွက်ဖို့က အရေးကြီးတယ်။ အရေးကြီးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက် မယ့် ကမ်ပိန်းတစ်ခု ရေးဆွဲထားပါတယ်။

ရေးဆွဲထားတဲ့အထဲမှာ လှုပ်ရှားမှုအနေနဲ့ ကဏ္ဍသုံးခု ပါပါတယ်။ ပထမတစ်ခုက လူထူထပ်တဲ့ ဈေးတွေ၊ ကုန်တိုက်တွေ၊ အဝေးပြေးကားဂိတ်တွေ၊ ရေဆိပ်တွေ၊ လေဆိပ်တွေ ဒီနေရာတွေမှာ ပါးစပ်နဲ့နှာခေါင်းစည်း (Mask)တွေ၊ မျက်နှာအကာ (Face shield)တွေ မဖြစ် မနေတပ်ပါ။ ဒီအတွက်ကို ဈေးတွေမှာ နမူနာ စတင် ဆောင်ရွက်နေပါပြီ။ နိုဝင်ဘာ ၁၅ ရက်ကစပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဈေးပေါင်း ၁၇၆ ဈေးမှာ ဈေး ၁၂၀ လောက်ကို ပါးစပ်နဲ့နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေ ဝေငှပါတယ်။ ဈေးရောင်းတဲ့သူတွေ ဆိုရင်လည်း ပါးစပ်နဲ့နှာခေါင်းစည်းတွေ၊ မျက်နှာအကာ တွေ တပ်ရမယ်။ ဈေးလာဝယ်တဲ့သူတွေဆိုရင်လည်း ပါးစပ်နဲ့ နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေ တပ်ရမယ်။ မတပ်ထားရင် ဒီမှာတပ်ပေးမယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထောက်ပံ့ပေးထားတာ Mask အခုရေ တစ်သန်းရှိပါတယ်။ Face shield အခုရေ တစ်သိန်းရှိပါတယ်။ ဒါတွေကို ဈေးတွေမှာ ဝေငှမယ်။

ငါးကြိမ်လောက် ကြေညာပေးမယ်

ဒုတိယအနေနဲ့ အဲဒီလိုဝေငှရင်း ပညာပေးတဲ့အလုပ်တွေပါ ဆက်ဆောင်ရွက်သွားပါမယ်။ အဲဒီအတွက်လည်း လက်ကိုင်စပီကာနဲ့ ကြေညာ ပေးသွားမယ်။ တစ်နေ့ကို ဈေးတွေ၊ ရပ်ကွက်တွေထဲမှာ တစ်နေ့ငါးကြိမ်လောက် ကြေညာပေးသွားမယ်။ ကြေညာတဲ့အခါမှာလည်း ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နေ့စဉ်အခြေအနေတွေကို ပြောပြ သွားမယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြည်သူလူထု လိုက်နာရမယ့် အချက်တွေကိုလည်း ကြေညာ ပေးသွားမယ်။ နာမည်ကျော်တေးသံရှင်တွေကလည်း အသိပညာပေး တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးသွားမယ်။

တတိယအချက်အနေနဲ့ ပန်းဖလက်တွေ ဝေငှသွားပါမယ်။ အဲဒီအတွက်လည်း ပန်းဖလက်အခုရေ ငါးသိန်း ပုံနှိပ်ရိုက်ပြီးပါပြီ။ အရင်ကတော့ ပြည်သူလူထု လိုက်နာ ရမယ့်အချက်တွေကိုပဲ ဖြန့်ဝေထားတယ်။ အခုကတော့ ရန်ကုန်တိုင်းဒေသကြီးအတွက်ကိုပဲ ဈေးရောင်းချတဲ့သူ တွေက ဘယ်အချက်တွေလိုက်နာရမယ်၊ ဈေးဝယ်သူတွေ က ဘယ်အချက်တွေလိုက်နာရမယ်ဆိုတာတွေ ပန်းဖလက်မှာ ထည့်ရေးထားပါတယ်။ ပြည်သူလူထုကို အရှင်း လင်းဆုံး အသိပေးထားတယ်။ လူထုလှုပ်ရှားမှုအနေနဲ့ ကဏ္ဍသုံးခုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကဏ္ဍသုံးခုကို အရှိန်မြှင့်ပြီး ဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင် မယ်ဆိုရင် တစ်ဖက်မှာလည်း လူသေဆုံးမှုနှုန်း ကျဆင်း သွားမှာဖြစ်ပါတယ်။

ဒေါက်တာမြင့်မြင့်အေး(ဆေးရုံအုပ်ကြီး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး

မေး။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါ Positive လူနာတွေကုသပေးဖို့အတွက် ပြည့်ပြည့်စုံစုံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ အစပိုင်းကကိုဗစ်လူနာတွေ လက်ခံကုသပေးတဲ့ ဆေးရုံတော့ မဟုတ်ပါဘူး။ သံသယလူနာပဲ လက်ခံပြီးတော့ တကယ့် အတည်ပြုလူနာတွေကိုတော့ သက်ဆိုင်ရာသတ်မှတ်ထား တဲ့ဆေးရုံတွေကို ပို့ပေးရပါတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာတော့ လူနာတွေများလာတဲ့အတွက်ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ကိုဗစ် Positive လူနာတွေထားဖို့ သတ်မှတ်ပေးတဲ့အတွက်ကြောင့် အနီဆောင်ကြီးကို ပြင်ဆင်ခဲ့ပါတယ်။ အရေးပေါ်ကနေစပြီး ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အရေးပေါ်မှာဆိုရင် ဖျားနာစောင့် ကြည့်ကုသဆောင်၊ ခွဲစိတ်လူနာစောင့်ကြည့်ဆောင်နဲ့ ဝင်ဝင်ချင်းနေရာတွေမှာ စတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီမှာရှိတဲ့ အရေးပေါ်ခွဲစိတ်ခန်းကိုလည်း ကိုဗစ် အတည်ပြုလူနာတွေကို ခွဲစိတ်ကုသဖို့အတွက် ပြင်ဆင် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒါတွေကတော့ အရေးပေါ်မှာ ပြင်ဆင်ခဲ့ရတဲ့ ဌာနတွေဖြစ်ပါတယ်။ အဲဒီထဲမှာ လူနာတွေ များလာရင် အဆောင်တစ်ခုတည်ဆောက်ရတယ်။ ပင်မ အနီဆောင်ကြီး တစ်ခုလုံးကို ကိုဗစ်လူနာတွေထားဖို့ ပြင်ဆင်တဲ့အချိန်မှာ အောက်ဆုံးမြေညီထပ်မှာ သံသယလူနာတွေထားခဲ့ပြီး ပထမထပ်ကနေစပြီး အပေါ်ဆုံးထပ် အထိ အရင်က ၅/၆ အရိုးကုသဆောင်ကို ICU နဲ့ HDU လူနာ ၃၀ အတွက် ပြင်ဆင်ရပါတယ်။ စက်ကိရိယာအပြည့်အစုံ ထားပေးထားပါတယ်။

Control Room ကနေ မော်နီတာနဲ့ကြည့်ရတဲ့ စက်ကိရိယာ လူနာအယောက် ၃၀ အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ အပေါ်ထပ် ၁၁/၁၂ မှာ ကိုဗစ်လူနာ အယောက် ၄၀ ထားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ၁/၂/၇/၈/ ၁၃/၁၄ အခန်းတွေမှာလည်း ကိုဗစ်လူနာတွေထားဖို့ ပြင်ဆင်ခဲ့ပါတယ်။ အလယ်မှာရှိတဲ့ အရင်က လက်ပိုင်း ဆိုင်ရာ ခွဲစိတ်မှုဌာန ၃/၄ မှာ အတည်ပြုလူနာတွေ ခွဲစိတ်ပြီးထားဖို့ တစ်ခြမ်းကို ခုတင် ၁၂ လုံးထားပြီး တစ်ဖက်မှာ ကျောက်ကပ်ဖြစ်နေတဲ့ Positive လူနာတွေ ကျောက်ကပ်ဆေးနိုင်အောင် ကျောက်ကပ်ဆေးစက်လေးလုံးကို အရေးပေါ် ပြင်ဆင်ပြီး ကျောက်ကပ်ဆေးတဲ့ လုပ်ငန်းတွေပါ လုပ်ပေးရပါတယ်။

အဲဒါတွေကတော့ အစပိုင်းပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်း တဖြည်းဖြည်း Positive လူနာတွေ ရန်ကုန်ဆေးရုံကြီးကို လာကြတယ်။ ရန်ကုန်ဆေးရုံကြီး မှာ ကုသပေးနေတဲ့အတွက် လူနာတွေက ဒီမှာပဲ ကုသချင်တယ်။ ICU လူနာတွေအတွက် အဓိကထားပြီး ကုသ ပေးနေတယ်။

စက်ကိရိယာစုံစုံလင်လင်နဲ့ ကုသပေးနိုင်တာဖြစ်တဲ့အတွက် လူနာတွေက များလာပါတယ်။ ပင်မအဆောင်ကြီးရှေ့မှာ အဆောင်တစ်ခု တည်ဆောက် နေပါတယ်။ အဲဒီအဆောင်က လူနာ ၈၀ ဆံ့ပါတယ်။ ပြင်ဆင်နေတုန်းပဲ ရှိပါသေးတယ်။

အထူးကြပ်မတ် ကုသဆောင်ဖွင့်ခဲ့

လူနာတွေကို ဆေးဝါးအပြည့်အစုံ၊ စက်ကိရိယာ အပြည့်အစုံ ဆောင်ရွက်ပေးထားပါတယ်။ လူနာတွေအတွက် အောက်ဆီဂျင် အဓိကလိုအပ်တဲ့ အတွက်ကြောင့် Liquid အောက်ဆီဂျင်ပေးနိုင်အောင် အောက်ဆီဂျင်စက် တစ်လုံးကိုလည်း တည်ဆောက်ထားပါတယ်။ အရင်က အနီဆောင်ကြီး မှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ ခုတင်တိုင်းမှာ မရှိပါဘူး။ အခုကတော့ လိုသလောက် အောက်ဆီဂျင်ပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။ အရင်က လူနာတစ်နေ့ အယောက် ၄၀ လောက် သေဆုံး ခဲ့တယ်။ အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခုတင် ၃၀ ပါတဲ့ အထူးကြပ်မတ်ကုသဆောင် ဖွင့်ခဲ့တယ်။ မြောက် ဥက္ကလာပဆေးရုံမှာ ခုတင် ၂၀ ပါတဲ့ အထူးကြပ်မတ် ကုသဆောင် ဖွင့်လှစ်ခဲ့တယ်။ အဲဒီလိုဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် သေဆုံးမှုလျော့ကျသွားတယ်။ သမားတော်ကြီးတွေ၊ မေ့ဆေးဆရာဝန်ကြီးတွေရဲ့ ကျေးဇူးလည်းပါပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် နေပါတယ်။ ရက်ရှည်လာလို့ ပင်ပန်းကြပေမယ့် ဆရာဝန်စိတ်ဓာတ်၊ သူနာပြုစိတ်ဓာတ်နဲ့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြတဲ့အတွက် အသက် ၈၀ ကျော် ၇၀ ကျော်တွေ ကောင်းပြီး ဆေးရုံက ဆင်းသွားကြတဲ့သူတွေ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးက ရောဂါအခြေအနေ ဆိုးရွားတဲ့သူတွေ အများဆုံးလက်ခံတဲ့နေရာဖြစ်တဲ့ အတွက်ကြောင့် ကောင်းပြီးဆင်းသွားတဲ့ လူနာတွေလည်းရှိသလို ဆုံးပါးသွားတဲ့လူနာတွေလည်း ရှိပါတယ်။

ယခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။