နေပြည်တော် နိုဝင်ဘာ ၂၁
အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသားအဆင့်စီမံကိန်း ဦးဆောင်ကော်မတီ- NPSC ၏ ဒုတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ရုံးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် အမျိုးသားအဆင့်စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်းနှင့်စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မတီဝင်များဖြစ် ကြသည့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင် စုအဆင့် နည်းပညာအကြံပေး အဖွဲ့ဝင်များ၊ စီမံကိန်းဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးကြသည်။
အနောက်ပိုင်းဒေသများ စိုက်ပျိုး စီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အပြည် ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေအဖွဲ့ (International Fund for Agricultural Development- IFAD) တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် စီမံကိန်းများမှ တစ်ခုအပါအဝင်ဖြစ်ပြီး IFAD ၏ ချေးငွေ၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၂၅၇ သန်းဖြင့် ချင်းပြည်နယ်(တောင်ပိုင်း)နှင့် မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း) တို့တွင် မိသားစုဝင်ငွေတိုးပွားစေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ အာဟာရပြည့်ဝစေရန်နှင့် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်စွမ်းအားကောင်းမွန်လာစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ စီမံကိန်းကာလ ခြောက်နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
စီမံကိန်း လုပ်ငန်းများအဖြစ် ဆည်မြောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများ၊ ကုန်ထုတ်လမ်း၊ ရေပေးရေးနှင့် မီးလင်းရေး စသည့် ထုတ်လုပ်မှုလုပ်ငန်းများအပြင် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ များ၊ နည်းပညာပြန့်ပွားရေးစင်တာများ ထူထောင်ခြင်းနှင့် နည်းပညာ ပံ့ပိုးခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ တောင်ကုန်း တောင်စောင်းစိုက်ပျိုးခြင်း နည်းပညာ ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများ၊ ခေတ်မီ မွေးမြူရေးဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း များကို ဆက်စပ်ဌာနများဖြစ်ကြသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
စီမံကိန်းစတင်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အထိ စိုက်ပျိုးမြေ ၂၆၂ ဧက ဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူ ရေးနှင့် အိမ်တွင်းသက်မွေးပညာဆိုင်ရာ သင်တန်းသား သင်တန်းသူပေါင်း ၅၅၇ ဦးကို နည်းပညာသင်တန်းများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကျေးလက်အိမ်ထောင်စု ပေါင်း ၄၅၀၈ စုကို အကျိုးပြုစေခဲ့ပြီး စီမံကိန်းမှ နိုင်ငံတော်၏ စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူ ပြုရန် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက် နစ်နာရသည့် ကျေးလက်နေပြည်သူ များအတွက် ဆောင်ရွက်ခဲ့သည့် Cash for Work လုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လုပ်သားအင်အား ၄၇၂၂၅ ဦး နှင့် အိမ်ထောင်စုပေါင်း ၃၁၄၈ စုကို ဝင်ငွေရရှိစေနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်