Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့်မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်

နေပြည်တော် နိုဝင်ဘာ ၂၁

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၆ ဦးအား နယူးဒေလီမြို့ရှိ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ထို့ပြင် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား ၄၀ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၀ အား ကင်ဘာရာမြို့ရှိ မြန်မာ သံရုံးမှ စီစဉ်သည့် (၆)ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်း(MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကသက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်