တောင်ငူ နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီအချိန် တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ ပြုလုပ်သော လျှပ်စစ်မီးလင်းရေး၊ လမ်း၊ တံတားဖွင့်ပွဲ အခမ်းအနားသို့တက် ရောက်ခဲ့သည်။
အခမ်းအနားအစီအစဉ်အရ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းနှင့် တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်အနားတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တက်ရောက်ကြသည့် ဒေသခံများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံနေ ပြည်သူတို့၏ ပူးပေါင်းပါဝင်ခြင်းကြောင့် အောင်မြင်တိုးတက်လာမည့် အခန်းကဏ္ဍများကိုရှင်းလင်းပြောကြားပြီး ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်တို့ထိစပ်နေသည့် သဲဖြူကျေးရွာတွင် လျှပ်စစ်မီးများရရှိ၍ လမ်းပန်း ဆက်သွယ်မှုများကို ယခင်ထက် ပိုမိုဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ရာ ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ကိစ္စရပ်များတွင် များစွာ အဆင်ပြေနိုင်ကြပြီဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ ဝိုင်းဝန်းကာ တက်ညီလက်ညီ ဆောင်ရွက်ကြဖို့လိုကြောင်းပြောကြားခဲ့ပြီး သဲဖြူကျေးရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)