Skip to main content

အမျိုးသားစီမံကိန်းဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ (၅၅) နှစ်မြောက် (မြရတု) ဂုဏ်ပြုစာတမ်းဖတ်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

အမျိုးသားစီမံကိန်းဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ (၅၅) နှစ်မြောက် (မြရတု) ဂုဏ်ပြုစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် ၃၂ ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံကိန်းဦးစီးရုံးများမှ ဝန်ထမ်းများနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။

စာတမ်းဖတ်ပွဲတွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနေဖြင့် ၅၅ နှစ်တာကာလအတွင်း ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲသည့်ကိစ္စရပ်များတွင် ပါဝင်ခဲ့သည့်အပြင် နိုင်ငံတော်၏မူဝါဒများ၊ ဦးတည်ချက်များနှင့်အညီ ကျရာတာဝန်များကို လိုက်ပါဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုပါကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းဖြင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် အသိပညာများ၊ နည်းပညာများ၊ အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်းမျှဝေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

စာတမ်းဖတ်ပွဲတွင် ဂျီဒီပီ၊ လူမှုစီးပွားဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို အထောက်အကူပြုသည့် စာတမ်း ၁၁ စောင်ကို အမျိုးသားစီမံကိန်းဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဝန်ထမ်းများက ဖတ်ကြားသည်။

ထို့နောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် သိလိုသည်များကို မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်