မော်လမြိုင် နိုဝင်ဘာ ၂၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မော်လမြိုင်ရုံးခွဲ) ရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းနားရှိ အဆိုပါရုံးသစ်တွင်ကျင်းပခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မော်လမြိုင်ရုံးခွဲ) ဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်ကာလကြာရှည်စွာ အမြစ်တွယ်ရှင်သန်နေတဲ့ အဂတိလိုက်စားမှုပြဿနာများကို မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေး စိတ်ဆန္ဒပြင်းပြစွာဖြင့် ကိုင်တွယ် ဖြေရှင်းပေးနေစဉ် ယခုလိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(မော်လမြိုင်ရုံးခွဲ)ကို ဖွင့်လှစ် ပေးရ ခြင်းအတွက် မိမိအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အဂတိလိုက်စားမှုများကို စိတ်ပါလက်ပါ ဆန့် ကျင်တိုက်ခိုက်ခြင်းဖြင့် အဂတိလိုက်စားမှုကင်းစင်တဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်စေနိုင်ပြီး တရားဥပဒေ စိုးမိုးသော လူအဖွဲ့အစည်းတစ်ရပ်ကိုပါ ဖော်ဆောင် စေနိုင်ပါကြောင်း၊ ဒါ့အပြင် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အင်စတီကျူးရှင်းများ တည်ဆောက်ရေးကိုပါ ဖြစ်ထွန်းစေမှာဖြစ်တဲ့အတွက် လူသားတိုင်း မိမိတို့ ခံစားရရှိနိုင်တဲ့ အခွင့်အရေးများကို လက်လှမ်းမီစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာသော လူနေမှု ဘဝများကို ပိုင်ဆိုင်စေမှာဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာတွင် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံတစ်ဝှမ်းတွင် ပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့် အတူ လက်တွဲ၍ တွန်းလှန် တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘဝများ သာယာဝပြောလာစေရန် မျှော်မှန်းချက်ထား ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူ လျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံးစမ်းစစ် ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်ရုံးခွဲများဖွင့်လှစ်ခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို လက်လှမ်းမီစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ မော်လမြိုင်မြို့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ မွန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၏ လမ်းဆုံလမ်းခွတွင် တည်ရှိသဖြင့် ယင်းတိုင်း ဒေသကြီး၊ ပြည်နယ်တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမို၍ လက်လှမ်းမီစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (မော်လမြိုင်ရုံးခွဲ) ရုံးအဆောက်အဦ သစ် စာရွက်စာတမ်းများအား အဆောက်အဦ အထူးအဖွဲ့(၁၃)ဒုတိယညွှန်ကြားရေးမှူး စိုးဝင်းမှ လွှဲပြောင်း ပေးအပ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က လက်ခံရယူခဲ့သည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်(မော်လမြိုင်ရုံးခွဲ) ဆိုင်းဘုတ်အား မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး ရုံးအဆောက်အဦသစ်ကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဆောက်အဦ ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်ဖြင့် ပက်ဖျန်းသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(မော်လမြိုင်ရုံးခွဲ)၏ (၇၀ ပေx ၅၅ ပေ) RCC (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ကျင်းပ ရာ ပန္နက်တိုင်တော်များကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က စိုက်ထူပေးပြီး ပန္နက်တိုင်တော်အား မင်္ဂလာပန်းချည်နှောင်းပေးကာ အမွှေးနံသာရည်များဖြင့် ပက်ဖျန်း ခဲ့ကြောင်းသိရသည်။
ဝေလင်း(မော်လမြိုင်)