မန္တလေး နိုဝင်ဘာ ၂၀
နိုင်ငံတကာအဆင့်မီ Bio Safety Level - 2 အဆင့် Public Health Laboratory (Mandalay) အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းအကြားရှိ အဆိုပါဌာန (PHL) ဝန်းအတွင်း ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါ၊ မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေး ကော်မတီမှ နာယက များက အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့က နိုင်ငံတကာ အဆင့်မီ Bio Safety Level - 2 အဆင့် Public Health Laboratory (Mandalay) အဆောက်အအုံသစ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာများဖြင့် ပက်ဖြန်းခဲ့ကြသည်။
ထိုနောက် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီမှ Public Health Laboratory ဓာတ်ခွဲခန်းအဆောက်အဦ တည်ဆောက်ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောဦးမှ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါသို့ စာရွက်စာတမ်းလွဲပြောင်းပေးအပ်ခဲ့ကာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(Public Health Laboratory-MDY)အဆောက်အဦမှာ နိုင်ငံတကာအဆင့်မီ Bio Safty Level(+2)အဆင့်ရှိ RC အမျိုး အစားနှစ်ထပ်ခွဲ၊ အလျား ၆၉ပေ၊ အနံ၅၉ပေ၊ စတုရန်းပေ ၁၀၆၃၁ ခန့်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ နည်းပညာ ဖလှယ်ရန်သင်တန်းခန်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်းများကဲ့သို့ Sensor Air Lock တံခါးများ၊ Negative Pressure စနစ်ဓာတ်ခွဲခန်းများ၊ လက်ရှိဆောင်ရွက်နေသော ဓာတ်ခွဲစက်များထားရှိ၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory-MDY) (မန္တလေး) အနေဖြင့် ကိုဗစ်ရောဂါဓာတ်ခွဲစစ်ဆေး ဆောင်ရွက်ခြင်းကို ၂၀၂၀ပြည့်နှစ် ဇွန်လ၁ရက်နေ့မှ စတင် ဆောင်ရွက်ပေးခဲ့ပြီး အထက်မြန်မာပြည်ရှိ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း/မြောက်၊ ကချင်၊ ချင်း စသည့်မြို့များမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ Swab နမူနာယူ၍ ဓာတ်ခွဲစစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်