Skip to main content

ကယားပြည်နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆို

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန်၊ ကျောင်းအတွင်း တည်ဆောက်ဆဲ စာသင်‌ဆောင်၊ ကျောင်းဆောင်များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန်တို့ကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး စာဖတ်ဝိုင်းသို့သွားရောက်၍ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်နိုင်ရေး ပြင်းပြသော ဆန္ဒများနှင့်အတူ ဇွဲသတ္တိအပြည့် ဖြင့်အောင်မြင်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လွိုင်ကော်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လွိုင်ကော် တက္ကသိုလ်အဆောက်အအုံများ ပြင်ဆင်‌ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေပေးအပ်သည်။

ဆက်လက်၍ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်လည်းကောင်း၊ ကယားပြည်နယ် ပညာရေးမှူးရုံး ပညာဗိမာန်ခန်းမတွင် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာ အတတ်ပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်ပညာရေးမှူး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ အရာထမ်း အမှုထမ်းများနှင့်လည်းကောင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သင်ကြားသင်ယူရေးနှင့် စီမံရေးဆိုင်ရာပညာရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးဖြေကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်