Skip to main content

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၉

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကား ပြောကြားရာတွင် e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတတို့၏လမ်းညွှန်မှုများနှင့်အညီ e-Government စနစ်ပိုမိုတိုးတက်လာစေရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ နိုင်ငံအတွက် အမှန်တကယ် တိုးတက်စေနိုင်မည့် လုပ်ငန်းစီမံကိန်းတွေကို လျင်မြန်မှန်ကန်အကျိုးရှိစွာ အကောင်အထည်ဖော်နိုင်ရေးအား ဝိုင်းဝန်း ဆွေးနွေး ကြစေလိုကြောင်း၊ New Normal နေထိုင်မှု အသစ်အရ Online ကို ပိုမိုသုံးစွဲလာကြသည့်အတွက် Online မှ ငွေပေးချေ/ လက်ခံ နိုင်မှု၊ တရားဝင်မှုနှင့် စာရင်းစစ်ဆေးခံနိုင်မှုများသည် ကြီးမားသော လိုအပ်ချက်ဖြစ်လာသည်နှင့်အညီ အစိုးရဌာနများအနေနှင့်လည်း အဆင်သင့်ဖြစ်နေရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သွားကြရမှာဖြစ်ပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးသည် အရေးကြီးလာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေး ဥပဒေ၊မူဝါဒနှင့် မဟာဗျူဟာများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ Myanmar e-Governance Master Plan (၂၀၁၆-၂၀၂၀) သည် ၂၀၂၀ ပြည့်နှစ်အထိသာ ပြုစုရေးဆွဲခဲ့ခြင်းဖြစ်သည့်အတွက် အသစ်ဆက်လက်ရေးဆွဲပြုစုကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားရာတွင် Myanmar e-Governance Master Plan တွင်ပါဝင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် Myanmar National Portal ကို ၂၀၁၈ ခုနှစ်တွင် လွှင့်တင်ခဲ့ပြီး Mobile App ဖြင့်လည်းအသုံးပြုသွားနိုင်ရန် ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ Web Site များနှင့် API ချိတ်ဆက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် Server Co-location, Web Hosting စနစ်များကိုလည်း မိမိတို့ ဝန်ကြီးဌာနရှိ Data Center တွင် သက်သာသည့်နှုန်းထားဖြင့် 24/7 ဝန်ဆောင်မှုပေးလျက် ရှိပါကြောင်း၊ ယခုနှစ်တွင် Government Cloud အထိ အဆင့်မြှင့်တင်သွားမည် ဖြစ်ပါကြောင်း၊ e-Government Integrated Data Center တည်ဆောက်ခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်လျက်ပြီး အစိုးရဌာနများအားလုံးမှ အသုံးပြုနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခြင်း ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ e-ID စနစ် လုပ်ငန်းကော်မတီဥက္က္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-ID စနစ် အကောင်အထည်ဖေါ်ဆောင်မှု အခြေအနေများကို လည်းကောင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးက e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား လည်း ကောင်း၊ ညွှန်ကြားရေးမှူး၊ အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနက Cyber Security Law, Policy and Strategies ထုတ်ပြန် နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး၊ e-Government ဌာနမှ Myanmar e-Governance Master Plan (2016-2020) အပေါ် အကောင်အထည်ဖေါ်ဆောင်နိုင်မှု အခြေအနေများ နှင့် Myanmar e-Governance Master Plan (2021-2025) ဆက်လက်ရေးဆွဲနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများမှ တင်ပြ ချက် များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)