နေပြည်တော် ဖေဖော်ဝါရီ ၁၀
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့လှည့်လည်ကြည့်ရှုရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ခင်းကျင်းပြသထားသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ပဈေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ပြခန်း၊ ပြည်တွင်းဈေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ပြခန်း၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ပြခန်းများအတွင်း MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ၏ ပြည်တွင်းပြည်ပဈေးကွက်ရရှိရေး တွေ့ဆုံဆွေးနွေးချိတ်ဆက်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုဝန်ကြီးဌာန ပြခန်းများနှင့် အရောင်းပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကလည်း လိုက်ပါ၍ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
