Skip to main content

ပြည်ပနိုင်ငံများရောက် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော်   နိုဝင်ဘာ   ၁၈

နိုင်ငံတကာ     ခရီးသည်တင် လေယာဉ်များ  ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့်      ဗီယက်နမ်နိုင်ငံတွင်   အခက်အခဲကြုံတွေ့နေရသည့်  မြန်မာသင်္ဘောသား  ၁၆၃ ဦးအား    ဟနွိုင်းမြို့ရှိ    မြန်မာသံရုံး၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ    အဖွဲ့ချုပ်နှင့်     သက်ဆိုင်ရာ  သင်္ဘော ကုမ္ပဏီများမှ  ပူးပေါင်းစီစဉ်သည့်    မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)စင်းလုံးငှားကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ  ယနေ့  ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ထို့ပြင်   တောင်အာဖရိကနိုင်ငံနှင့်   ဘရာဇီးနိုင်ငံတို့တွင်   အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအတွက် ရည်ရွယ်လျက်  ပရီတိုးရီး ယားမြို့ရှိ   မြန်မာသံရုံး၊   ဘရာဇီးလျားမြို့ရှိ     မြန်မာသံရုံးနှင့်      ရီယာဒ်မြို့ရှိ  မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်သည့်  မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း    ကယ်ဆယ်ရေးလေယာဉ်ဖြင့်    မြန်မာသင်္ဘောသား  ၁၃၉  ဦးအား      အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှ တစ်ဆင့်  ပြန်လည်ခေါ်ဆောင်ခဲ့ရာ   ယနေ့ ည  ၉  နာရီတွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့    အဆင်ပြေချောမွေ့စွာ  ပြန်လည်ရောက်ရှိ ကြသည်။                       

၎င်းတို့     ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊  သီးသန့်စီစဉ်ပေးသည့်နေရာ /သတ်မှတ် ဟိုတယ်များ၌  အသွားအလာကန့်သတ်မှုခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှုခုနစ်ရက်  နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့က သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။ 

ပြည်ပနိုင်ငံများတွင်  အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား   ပြန်လည်ခေါ်ဆောင်ရန်   Coronavirus  Disease  2019  (COVID-  19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ   နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်    သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘော ကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။    

သတင်းစဉ်