Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းပြည်ပ စာတမ်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက်ငွေရတု သုတေသနညီလာခံနှင့် သိပ္ပံပွဲတော်ဖွင့်ပွဲအခမ်းအနား ဖြစ်ကြောင်း။

မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉၉ ခုနှစ်မှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များမှ ဝိဇ္ဇာသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် မီးရှူးတန်ဆောင်ဖြစ်သည့် သုတေသနညီလာခံကြီးများ ကျင်းပလာသည်မှာ ယခုအခါ (၂၅)ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း။

သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကို တွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ ပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုတိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသန ပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင် ဖြစ်ကြောင်း။

ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့်နည်းပညာအသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း။

ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုသည့် ကဏ္ဍ(၃)ရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော နိုင်ငံ ဖြစ်သည့်အတွက် မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ၂၁ ရာစု၏ ခေတ်မီနည်းပညာ တိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် အမီလိုက်ပြီး ခေတ်မီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ကြရန်လည်း အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ် နယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာနှင့်သိပ္ပံ အသိပညာရှင်အတတ်ပညာရှင်များအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့အကျိုးစီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက် အောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနလုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များဖော်ထုတ်ပြီး အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်သစ်များချဲ့ထွင်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေးပြည့်ဝသည့် သုတေသနအခြေပြုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးသွားကြရမည် ဖြစ်ကြောင်း။

သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်ကြောင်း၊ သုတေသနဆောင်ရွက်မှု များမှတစ်ဆင့် မိမိတို့ သင်ယူလေ့လာနေသည့် ပညာရပ်နယ်ပယ်တွင် ပိုမိုတတ်ကျွမ်းထူးချွန်လာ မည်ဖြစ်ကြောင်း၊ သုတေသနများမှရရှိလာသည့် နည်းပညာအသစ်များကို စက်မှုလက်မှုကဏ္ဍများတွင် လက်တွေ့အသုံးချပြီး နိုင်ငံတော်က အားကိုးအားထားပြုရသော အရည်အသွေးမြင့်တက္ကသိုလ်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း။

သုတေသနလုပ်ငန်းများသည် ရလဒ်ဖော်ထုတ်ပြီး တစ်ကြိမ်တည်းဖြင့် ရပ်တန့်သွားမည်မဟုတ်ဘဲ ရှေးဦးရလဒ်ကို အခြေပြုပြီးတစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် သုတေသနဆောင်ရွက်သွားမှသာ တိကျမှန်ကန်သည့် တွေ့ရှိချက်အသစ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သုတေသနရလဒ်များမှတစ်ဆင့် ပိုမိုကောင်းမွန်ပြည့်စုံသည့် လူမှုအသိုက်အဝန်းကို ပုံဖော်ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများအတွက် ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများသည် ရေရှည်အကျိုးရလဒ်များ အများဆုံးဖြစ်ထွန်းပြီး နိုင်ငံကြီးပွားတိုးတက်နေကြသည်ကို အထင်အရှား တွေ့မြင်ရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အနေဖြင့် တက္ကသိုလ်များအတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲခန်း သုံးပစ္စည်းများ၊ သုတေသနစင်တာများ ဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိကြောင်း။

ထို့အပြင် တက္ကသိုလ်များတွင် သုတေသနအခြေပြုခေတ်မီသင်ကြားနည်းများကို အသုံးပြု သင်ကြားနေသည့်အပြင် မြန်မာ့ရိုးရာအမွေအနှစ်များကို ဖော်ထုတ်ပြသသည့် ယဉ်ကျေးမှုပွဲတော်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသင်းအဖွဲ့အလိုက် လှုပ်ရှားမှုများ၊ လူငယ်စကားဝိုင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲများ စသည့်ကဏ္ဍစုံလှုပ်ရှားမှုများက တစ်ဆင့် ကျောင်းသားများကို အသိပညာဗဟုသုတ ပြည့်စုံအောင်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားအောင်၊ အရည်အသွေးပြည့်ဝအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့ညီလာခံတွင် လူမှုရေး၊ စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍကြီးများ ရေရှည်ဖွံ့ဖြိုးရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်အသီးသီးမှ ဘာသာရပ် ၃၃ မျိုးအတွက် သုတေသနစာတမ်းပေါင်း ၃၁၂ စောင် ဖတ်ကြားသွားမည်ဖြစ်ပြီး အကောင်းဆုံးသုတေသနဆုများ၊ အကောင်းဆုံးစာတမ်းဆုများ ချီးမြှင့်သွားမည်ဟု သိရှိရကြောင်း၊ ယခုညီလာခံတွင် ဖတ်ကြားခဲ့သည့် စာတမ်းများအနက် ဘာသာရပ်အလိုက် အဆင့်မီသည့် သုတေသနစာတမ်းများကိုစုစည်းပြီး သုတေသနဂျာနယ်များ ထုတ်ဝေသွားမည်ဟုလည်း သိရကြောင်း။

ယခုညီလာခံတွင် ပြည်တွင်းက စာတမ်းရှင်များသာမက ပြည်ပကစာတမ်းရှင်များလည်း လာရောက်ပြီး စာတမ်းဖတ်ကြားခြင်း၊ အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ သုတေသနစာတမ်းရှင်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ ညီလာခံတက်ရောက်လာကြသူများကလည်း အပြုသဘောဆောင်သည့် အတွေးအမြင် အယူအဆများ၊ အသိအမြင်များ၊ အကြံပြုချက်များကို ထိထိရောက်ရောက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း။

ဂုဏ်ယူဖွယ်ရာအချက်တစ်ခုအနေဖြင့် ငွေရတုညီလာခံနှင့်အတူ သိပ္ပံပွဲတော်ကိုပါ စည်ကား သိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားသည်ကို တွေ့ရကြောင်း၊ ဘာသာရပ်ဆိုင်ရာပြခန်းများ၊ သိပ္ပံပြကွက်များ၊ ပြိုင်ပွဲများအပြင် AI ပြခန်းများပါဝင်ပြသထား သည်ကိုတွေ့ရကြောင်း၊ ဘာသာရပ်ဌာနအလိုက်ဈေးရောင်းပွဲတော်၊ တိုင်းရင်းသားအားကစား ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပနေသည်ကို တွေ့ရကြောင်း။

ယခုကဲ့သို့ သိပ္ပံပွဲတော်များမှတစ်ဆင့် ကျောင်းသားလူငယ်များ သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားပြီး နည်းပညာဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ AI နည်းပညာများ၊ နျူကလီးယား နည်းပညာများနှင့် စွန့်ဦးတီထွင်နည်းပညာများ အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင် ဗဟုသုတများ တိုးပွားလာမည်ကို ပြောကြားလိုကြောင်း။

ယခု (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်မှ ပေါ်ထွက်လာမည့် အထောက်အထားအခြေပြုသုတေသနရလဒ်များကို အခြေခံပြီး နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက်၊ ဒေသအလိုက်အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ် ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။

စီးပွားရေးရှုထောင့်ဘက်မှ ကြည့်ပါကလည်း သိပ္ပံနှင့်တီထွင်ဆန်းသစ်မှုများအနေဖြင့် ကုန်ထုတ် လုပ်မှုကဏ္ဍကို အကျိုးဖြစ်ထွန်းစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် နိုင်ငံ့စီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်းကို အထောက် အကူ ဖြစ်စေမည်ဖြစ်ကြောင်း။

နယ်ပယ်ကဏ္ဍအသီးသီးက ပြုလုပ်သည့် သုတေသနတွေ့ရှိချက်များသည် တိုင်းပြည်၏ စားရေ ရိက္ခာလုံခြုံမှု၊ ဆိုက်ဘာလုံခြုံမှု၊ သဘာဝဘေးတုံ့ပြန်မှု အစရှိသည့် နိုင်ငံသားများ၏ လုံခြုံရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း။

သုတေသနကျင့်ဝတ်များနှင့်အညီ သုတေသနပြု ဖော်ထုတ်ထားသည့် ရလဒ်များအပေါ်တွင် အခြေခံပြီး ပြုစုရေးဆွဲထားသည့် တက္ကသိုလ်ဆိုင်ရာ၊ ဌာနဆိုင်ရာမူဝါဒများသည် လိုက်နာဆောင်ရွက်ကြရမည့် သူများ၏ယုံကြည်မှုကိုရရှိစေနိုင်မည်ဖြစ်သဖြင့် စီမံအုပ်ချုပ်ရေးတွင်လည်း များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သိပ္ပံနှင့်သုတေသန တီထွင်ဆန်းသစ်မှုတို့ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်မည်ကို ပြောကြားလိုကြောင်း။

ဉာဏပဲ့ကိုင်ရှင်များဖြစ်သည့် သုတေသီများအနေဖြင့် နိုင်ငံတကာတွင် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းကို ထင်ဟပ်အောင် စွမ်းဆောင်ကြရန်၊ မိမိတို့တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာဖြင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် တစ်တပ်တစ်အား ပါဝင်ကြရန်၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြား လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ် မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတု သုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်လက်ဆောင်အား ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲအထိမ်းအမှတ် တက္ကသိုလ်များအလိုက် ပြသထားသည့် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)အား ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းလမ်းညွှန်မှု၊ အားပေးမှုတို့ဖြင့် နိုင်ငံတော်၏ ပညာရည်မြင့်မားတိုးတက်စေရန်၊ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနလုပ်ငန်း အဆင့်မြင့်မားမှု၊ အရည်အသွေးပြည့်မီမှုတို့ကို ရှေးရှုလျက် နိုင်ငံတကာအဆင့်မီသော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် တွန်းအားပေးသည့်အနေဖြင့် စာတမ်းများ တင်ပြဆွေးနွေးစေ၍ အကောင်းဆုံး သုတေ သနစာတမ်းဆုများချီးမြှင့်ရန်နှင့် သုတေသန ညီလာခံမှ ဘာသာရပ်အလိုက် အဆင့်မီသော သုတေသနစာတမ်းများကို စုစည်းတည်းဖြတ်၍ ဂျာနယ်များ ထုတ်ဝေဖြန့်ချိခြင်းပြုလုပ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံတွင် ပြည်တွင်း ပြည်ပမှ စာတမ်းရှင်များဖြင့် ဆွေးနွေးပွဲ များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်