နေပြည်တော် နိုဝင်ဘာ ၁၈
ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း၊ Preferred Bidder ကြေညာနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း၊ စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများသည် နေပြည်တော်မှ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် တို့က ရန်ကုန်မြို့မှ Zoom Meeting ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့တွင် ယာဉ်ကြောကြပ်တည်းမှု ဖြေလျော့ စေရန်နှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် (၂၇ ဒသမ ၅) ကီလိုမီတာ အရှည်ရှိ ရန်ကုန်မိုးပျံ အမြန်လမ်းအပိုင်း(၁)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပူးပေါင်းပြီး PPP စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် စီမံကိန်း တစ်ခုဖြစ်ပြီး စီမံကိန်းအပိုင်း (၁) အတွက် အမေရိကန်ဒေါ်လာ သန်း(၈၀၀)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း။
ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်း၏ စီမံကိန်းအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC) က ဆောင်ရွက်လျက်ရှိပြီး တင်ဒါလုပ်ငန်းစဉ် (Bidding Process) များအနေဖြင့် စီမံကိန်းစိတ်ဝင်စားမှု အဆိုပြုလွှာ ကို ၂၀၁၈ ခုနှစ် မေလတွင် ခေါ်ယူခဲ့ရာ ကုမ္ပဏီ(၅၅ ) ခုမှ အဆိုပြုလွှာ တင်သွင်းခဲ့ပါကြောင်း၊ စီမံကိန်းအရည်အချင်းစစ် အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ခေါ်ယူခဲ့ရာ Consortium နှင့်ကုမ္ပဏီအဖွဲ့ (၁၂)ဖွဲ့ လျှောက်ထားလာပြီး အကြိုအရည်အချင်းစစ် အောင်မြင်သည့် ကုမ္ပဏီ (၁၀ )ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပါကြောင်း။
တင်သွင်းလာသည့် စီမံကိန်းအဆိုပြုလွှာများ၏ Technical and Financial Proposal အချက်အလက်များကို (IFC)အဖွဲ့မှ အသေးစိတ်စစ်ဆေးခြင်း (Evaluation) လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာ များကို တင်ပြခဲ့ပါကြောင်း၊ (Evaluation Report) ပါ အချက်အလက်များကို ယနေ့အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီး အတည်ပြုဆုံးဖြတ်ချက်များ ရယူသွားမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး ဆုံးဖြတ်ချက် များကို အခြေခံပြီး စီမံကိန်း၏ Preferred Bidder အဖြစ် ထုတ်ပြန်ကြေငြာမည်ဖြစ်သည့်အတွက် အတည်ပြု ဆုံးဖြတ်ရမည့် အချက်များကို ပွင့်ပွင့်လင်းလင်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည် ။
ထို့နောက် ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်းဦးဆောင် ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာကျေင်းလင်း က ရန်ကုန်မြို့ လက်ရှိဖြစ်ပေါ်နေမှုနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့်အခြေအနေ၊ ယာဉ်ကြော ပိတ်ဆို့မှုများ ကြုံတွေ့ခံစားနေရမှုနှင့် ဖြေရှင်းရန် နည်းလမ်းများ၊ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အတွက် တင်သွင်းလာသော စီမံကိန်းအဆိုပြုလွှာများ၊ အကဲဖြတ်မှုနှင့် ဆုံးဖြတ်ရန် အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည် ။
ယင်းနောက် တက်ရောက်လာကြသည့် ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြပြီး ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကို အတည်ပြုပေးခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကားပြောကြားသည်။
ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ Phase - 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွား လမ်းမကြီး ၁၉ ကီလိုမီတာ ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ၆ ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ဒသမ၅ ကီလိုမီတာ၊ စုစုပေါင်း ၂၇ဒသမ၅ ကီလိုမီတာအရှည် ရှိသည် ။
ဤစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ရန်ကုန်မြို့တွင်း၌ တွေ့ကြုံနေရသော ယာဉ်ကြော ပိတ်ဆို့မှုကိုလျှော့ချပေးနိုင်မည့်အပြင် နိုင်ငံတော်၏ စီးပွားရေးအခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထု၏ လူနေမှုဘဝလည်း မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)