Skip to main content

(၁၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၈

(၁၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (17th Myanmar Health Sector Coordination Committee, M-HSCC) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၏ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ အခြားသော ကျန်းမာရေး လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထား၍မရပါကြောင်း၊ အထူးသဖြင့် တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ မကူးစက်နိုင်သောရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးသတင်း အချက်အလက် လုပ်ငန်းများတွင် လစ်ဟာမှုမရှိစေရေးမှာ အရေးကြီးပါကြောင်း၊  ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များကို အခြေ အနေအရပ်ရပ်နှင့်အညီ ပုံဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များသည် မဟာဗျူဟာများ ချမှတ်ရေးအတွက် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ အစည်းအဝေး များမှ ထွက်ပေါ်လာသော လုပ်ဆောင်ရန် အကြံပြုချက်များကို အလေးအနက်ထားစဉ်းစားကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးများမှ ထွက်ပေါ်ခဲ့သော အကြံပြုချက်များအား မည်မျှအကောင်အထည် ဖော်ပြီးစီးမှု ရှိသည်ကိုလည်း ဆန်းစစ်သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် မိမိတို့ကျန်းမာရေးစီမံချက်နှင့် သက်ဆိုင်သည့် အကြံပြုချက်များကို အလေးထားထည့်သွင်းစဉ်းစားပြီး ရှေ့လုပ်ငန်းများကို ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးမြှင့်တင်ရန် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၏ အခန်းကဏ္ဍကို အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီတွင် ပါဝင်သော  ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် မတူညီသော ရှုထောင့်အမျိုးမျိုးမှ ရှေ့သို့ကြိုတင်မျှော်မှန်းသည့် အတွေးအမြင်များဖြင့်  လက်တွေ့လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို အကြံပြုကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို ကော်မတီအဖွဲ့ဝင်များက ရှင်းလင်းစွာသိရှိ နားလည်ရေးမှာ အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒများ၊ ရေးဆွဲထားသော မဟာဗျူဟာများနှင့် ကျန်းမာရေး စီမံချက်များမှ နှစ်ပတ်လည် အစီရင်ခံစာများအား ကော်မတီအဖွဲ့ဝင်များထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း။

အဆိုပါ စာအုပ်တွင် ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ပြီးစီးအောင်မြင်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများပါဝင်သဖြင့် ကော်မတီအဖွဲ့ဝင်များ အနေဖြင့် သိရှိပံ့ပိုးပါဝင်နိုင်မည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီးဌာနထံသို့ ရန်ပုံငွေများ ပိုမိုပေးအပ် လျက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာနှင့် ကျိုး ကြောင်းဆီလျှော်စွာ အသုံးချဆောင်ရွက်လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)  မဖြစ်မနေ စနစ်တကျတပ်ဆင် ကြရေး လူထုကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုကို စီမံချက်အသွင်ဖြင့် တစ်နိုင်ငံလုံး၌ ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ လုပ်ငန်းများတွင်လည်း ကော်မတီအဖွဲ့ဝင် အဖွဲအစည်းများက မိမိတို့မှ သင့်ရာကဏ္ဍများ၌ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကော်မတီတွင်ပါဝင်သော လုပ်ငန်းအဖွဲ့များ အချင်းချင်းလည်း ချိတ်ဆက်သတင်းပေးပို့ဖလှယ်မှုများဖြင့် ဆောင်ရွက် ကြစေလိုပါ ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ပြင်ဆင်ဖွဲ့ စည်းရေးနှင့် ကော်မတီမှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း ကောင်း၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းပံ့ပိုးဆောင်ရွက်မှု အစီအစဉ်ကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း တင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက ဆွေးနွေး အကြံပြုကြသည်။

ထို့နောက် Gavi- the Vaccine Alliance, World Bank, Access to health, USAID, ADB, JICA နှင့် UNOPS အဖွဲ့များမှ မြန်မာနိုင်ငံသို့ ရန်ပုံငွေနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုး ပေးအပ်နေမှုများ၏ နောက်ဆုံးအခြေအနေ (update) များကို တင်ပြခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်း တင်ပြဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၊ ကူးစက် ရောဂါဆိုင်ရာအမှုဆောင်အဖွဲ့၊ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာညှိနှိုင်းရေးအဖွဲ့၊ ကျန်းမာ ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ မကူးစက်နိုင်သောရောဂါဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့၊ ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မျိုးဆက်ပွား၊ မိခင်နှင့် ကလေး၊ လူငယ်လူရွယ် ကျန်းမာရေးဆိုင်ရာ နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် Myanmar Positive Group တို့က အဖွဲ့အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ ပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့အားလုံး၏ အဓိကရည်မှန်းချက်မှာ ရောဂါ ပြန့်ပွားမှုနှင့် သေဆုံးမှုများ လျော့နည်း ကျဆင်းသွားရေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာ ရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေး ကော်မတီတွင် ပါဝင်သော အဖွဲ့အစည်းများအနေဖြင့် ဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေမှုများကို ကျေးဇူးတင် ရှိပါကြောင်း၊ ယနေ့ ဆွေးနွေးတင်ပြချက်များကို အလေးအနက်ထားစဉ်းစားကာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)