နေပြည်တော် နိုဝင်ဘာ ၁၈
ပညာရေးကဏ္ဍလေ့လာသုံးသပ်ခြင်း (Education Sector Analysis) ဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီ က ပညာရေးဝန်ကြီးဌာနနှင့် ယူနက်စကို-မြန်မာတို့ ပူးပေါင်း၍ အွန်လိုင်းမှ ကျင်းပသည်။
အစည်းဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်း အစီရင်ခံစာထွက်ပေါ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ယူနက်စကို ပညာရေး စီမံကိန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(UNESCO IIEP) မှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀) နှင့် ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) (၂၀၃၀) ရည်မှန်းချက်များ ပြည့်မီရေးသို့ ဦးတည်ကာ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှု (CESR)မှ အပိုင်း (၁) Rapid Assessment အပိုင်း (၂) In-depth Analysis မှ အကြံပြု ထောက်ခံချက်များ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှစ်လယ်သုံးသပ်ချက်အစီရင်ခံစာတို့မှ ထောက်ခံအကြံပြုချက်များ၊ လက်တွေ့ အကောင် အထည်ဖော်ရာတွင် လေ့လာတွေ့ရှိရသည့် အောင်မြင်မှုများနှင့် စိန်ခေါ်မှုများတို့ကို အခြေခံကာ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ကို ရေးဆွဲလျက်ရှိပါကြောင်း၊ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ တစ်သက်တာ သင်ယူမှု ပတ်ဝန်းကျင်ကောင်းများဖြစ်လာစေရန် ဖြည့်ဆည်း၍ သင်ယူတတ် မြောက်မှု စွမ်းရည်များနှင့် လူမှုရေးဆိုင်ရာ စွမ်းရည်များ မြင့်မားလာစေရန် ဦးတည်၍ Stakeholders များ၏ အကြံပြုချက်များကို ထည့်သွင်းပြုစုလျက်ရှိပါကြောင်း၊
နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေ ရှိစေရန်လည်း အလေးထား ပူးပေါင်းရေးဆွဲလျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍလေ့လာ သုံးသပ်ခြင်း (Education Sector Analysis) မှ အဓိကတွေ့ရှိချက်များသည် မဟာဗျူဟာ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကို အထောက် အကူပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် ယူနက်စကို-မြန်မာ၏ Head of Office ဖြစ်သူ Ms. Kim Min Jeong က အမှာစကားပြောကြားကာ UNESCO-IIEP မှ တာဝန်ရှိသူတစ်ဦးက ပညာရေးကဏ္ဍ လေ့လာ သုံးသပ်မှု၏ အဓိကတွေ့ရှိချက်များကို တင်ပြဆွေးနွေးရာ တက်ရောက်လာ ကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေးနှင့်ဆက်စပ်သော ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များနှင့် အရာရှိကြီးများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ၊ ပြည်တွင်းပြည်ပကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)