Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ် (မန္တလေး) နှင့် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တို့အား ကြည့်ရှုစစ်ဆေး

 နေပြည်တော် ဖေဖော်ဝါရီ ၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (မန္တလေး) ၌ စာသင်ဆောင်များ၏ ပြုပြင်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် လက်တွေ့ခန်းများ၊ အလုပ်ရုံ၊ စာကြည့်တိုက်၊ အားကစားခန်းမနှင့် ကျောင်းသား ကျောင်းသူအဆောင်များကိုလည်းကောင်း၊ ဘောလုံးကွင်းတည်ဆောက်ရန် လျာထားမြေနေရာ ကိုလည်းကောင်း သွားရောက်စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ ပင်မဆောင်နှင့် စာသင်ဆောင်များ ပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပစေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် အရည်အချင်းပြည့်ဝသော နိုင်ငံတော်ကိုအကျိုးပြုနိုင်မည့် ပညာရှင်များ မွေးထုတ်နိုင်ရေး၊ သုတေသနဆောင်ရွက်နေမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို မှာကြားပြီး ဆရာ ဆရာမ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ရှိ ကျောင်းသူ အဆောင်ဆောက်လုပ်မည့်မြေနေရာ၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများအတွက် အိမ်ရာဆောက်လုပ်မည့်မြေနေရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများ၏ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခင်းကျင်းပြသထားသော သုတေသနပရောဂျက်များကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ဘက်စုံထူးချွန်သော အင်ဂျင်နီယာပညာရှင်များနှင့် ဆန်းသစ်တီထွင်သော သုတေသီများဖြစ်အောင် ရည်မှန်းဆောင်ရွက်သွားရေး၊ လက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများကို စနစ်တကျအသုံးချရေးတို့နှင့်စပ်လျဉ်း၍ မှာကြားကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်