အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းများမှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများနှင့် တစ်နည်းနည်းပတ်သက်နေကြပြီး နိုင်ငံတော်လုံခြုံရေး ( National Security) နှင့် အမျိုးသားဂုဏ်သိက္ခာတို့ကို ထိခိုက်ကျဆင်းစေသည်။ အဆိုပါ လုပ်ငန်းများနှင့်ဆက်စပ်၍ တစ်နွယ်ငင်တစ်စင်ပါဆိုသလို နောက်ထပ် ရာဇဝတ်အမှုအခင်းအမျိုးအမည်ပေါင်းများစွာဖြစ်ပေါ်လာနိုင်ပြီး မိမိတို့၏ လူ့ဘောင်အဖွဲ့အစည်းကို အန္တရာယ်များစွာ ဖြစ်ပေါ်စေနိုင်သည့်အလျောက် ယင်းလုပ်ငန်းများကို မိမိတို့နိုင်ငံအတွင်း လုံးဝကင်းစင်ပျောက်ကွယ်သွားသည်အထိ တိုက်ဖျက်နှိမ်နင်းသွားကြရမည် ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၂၂ ရက်အထိ ကာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့တွင် တပ်မတော်စစ်ကြောင်းများနှင့် အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ ၁၃ နေရာနှင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုပြုလုပ်သည့်နေရာဟု ယူဆရသည့် နေရာနှစ်နေရာတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။ အဆိုပါနေရာများသည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် အဓိကနေရာများဖြစ်ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံး မြန်မာနိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအားလုံး၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ခဲ့သည့် နေရာဖြစ်သည်။ အဆိုပါနေရာမှ သိမ်းဆည်းရမိခဲ့သည့် ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ၏တန်ဖိုးမှာလည်း သမိုင်းတစ်လျှောက် ဖမ်းဆီးရမိမှုများအနက် စံချိန်တင် အများဆုံးဖြစ်ပြီး ငွေကျပ် ၁ ဒသမ ၆၂ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၇၀ ခန့်) ရှိသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများသည်လည်း နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ ခေတ်သစ်ကျေးကျွန်ပြုမှုတို့အပါအဝင် အခြားသော ရာဇဝတ်မှုကြီးများနှင့်ပါ ဆက်စပ်နေခြင်းဖြစ်ရာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ အမြစ်ပါမကျန်အောင် နိုင်ငံတော်က တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်နယ်မြေ၊ KK Park နယ်မြေနှင့် မင်းလက်ပံစသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း အများ အပြား လုပ်ကိုင်ရာနေရာများကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့် အွန်လိုင်းလောင်းကစားသူများကိုလည်း စိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ တရားစွဲဆိုရေး၊ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရေးတို့ ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အစိုးရသည် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက် လုံးဝသည်းမခံသောမူဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းလျက်ရှိသည်။
နိုင်ငံတော်၏လုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခြိမ်းခြောက်နိုင်သည့်ကိစ္စရပ် နောက်တစ်ခုမှာ တရားမဝင်ကုန်သွယ်မှုများဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများသည် ရာဇဝတ်ကျူးလွန်မှု၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ငွေကြေးထောက်ပံ့မှုအပါအဝင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲကလည်း လမ်းညွှန်မှာကြားထားသည်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၅၈ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၁၁၇ တွင် ရှိနေပြီး အာဆီယံနိုင်ငံများအနက် အဆင့် ၉ တွင်သာရှိနေရာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြ ရဦးမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစား လုပ်ငန်းများတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးတို့ကို အမျိုးသားရေးတာဝန်များအဖြစ်ခံယူ၍ ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများသည် ဥပဒေနှင့်ငြိစွန်းသော ရာဇဝတ်မှုများဖြစ်သည့်အပြင် နိုင်ငံတော်နှင့်ပြည်သူတို့ကိုပါ အန္တရာယ်ကျရောက်စေနိုင်သည်။ သို့ဖြစ်ရာ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့လူ့အဖွဲ့အစည်းအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များမှ ကာကွယ်ကြရပါမည့်အကြောင်း။ ။
