ရန်ကုန် ဇန်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ် လမ်းမတော်မြို့နယ် သာကေတမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ (၂၅)ရက် နံနက်(၆)နာရီကစတင်ကျင်းပလျက်ရှိရာ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာကြသည်။
နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်နှင့် International Conference of Asian Political Parties(ICAPP)အဖွဲ့မှ ကိုယ်စားလှယ်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဒဂုံမြို့နယ်ပြည်လမ်း(အရှေ့)ရပ်ကွက်ရှိမဲရုံအမှတ်(၂)၊ လမ်းမတော်မြို့နယ်အမှတ်(၈)ရပ်ကွက်ရှိမဲရုံအမှတ်(၁)၊ သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)ရှိ မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် မဲရုံအမှတ်(၃)များသို့ရောက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနေမှု၊ မဲရုံတာဝန်ရှိသူများမှ ပြည်သူများအဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနေမှုများကို လေ့လာကြည့်ရှုပြီး မဲရုံတာဝန်ထမ်းဆောင်ကြသူများနှင့် လွတ်လပ်စွာဆန္ဒမဲလာရောက်ပေးလျက်ရှိသော ပြည်သူများအားတွေ့ဆုံ၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၁)ရပ်ကွက်၊မဲရုံအမှတ်(၁)နှင့်မဲရုံအမှတ်(၂)၊ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်မဲရုံအမှတ်(၁)၊ တာမွေမြို့နယ်ဗျိုင်းရေအိုးစဉ်ကွက်သစ်ရပ်ကွက်၊ မဲရုံအမှတ်(၁)၊ ရန်ကင်းမြို့နယ်၊အမှတ်(၁၄)ရပ်ကွက် မဲရုံအမှတ်(၁)တို့ကိုလေ့လာခဲ့ကြကြောင်းသိရသည်။
နေလင်း(ပြန်/ဆက်)
