“သမဂ္ဂါနံ တပေါ သုခေါ” ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာကြောင်းဖြစ်သည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကို မိမိတို့အားလုံး မည်မျှလိုချင်ကြသည်ဖြစ်စေကာမူ မညီညွတ်ခြင်းကြောင့် မချမ်းသာ။ အလုံးစုံသောညီညွတ်မှုကို အတူတကွ ပူးပေါင်းညီညာ မတည်ဆောက်နိုင်သရွေ့ မချမ်းသာ။
ရှေးက မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးများသည် သူတစ်ပါးလက်အောက်၊ ခြေဖနောင့်အောက် ကျရောက်ခဲ့ရဖူးသည်။ မြန်မာ့အချုပ်အခြာ၊ မြန်မာ့ထီးနန်း၏ နောက်ဆုံးအချိန်သည် အုပ်စု ဂိုဏ်းဂဏများ အကွဲကွဲအပြားပြားနှင့် ညီညွတ်မှုပျက်ပြားနေချိန်ဖြစ်ပြီး ကျူးကျော်ဝင်ရောက်လာသူတို့က အလွန်လွယ်ကူစွာပင် သိမ်းပိုက်သွားခဲ့ကြခြင်းဖြစ်သည်။ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာတို့ လက်လွတ်ဆုံးရှုံးရသည့်အခါ ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်သယံဇာတတို့သည်ပင် ကျူးကျော်နယ်ချဲ့သူတို့အဖို့ဖြစ်ရသည်။ မိမိတို့မြေမှထွက်သည့် ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ၊ ကျောက် သံပတ္တမြား၊ ဓာတ်သတ္တုများ စသည်တို့မှာလည်း မိမိတို့အဖို့မဟုတ်။ “ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊ သီးနှံချိုပြား၊ များလည်း များ၏၊ များပါလေလည်း၊ တမွဲမွဲနှင့် ” ဟူသကဲ့သို့ပင် မြင်သာ မြင်ရ၊ မစားရသည့် ဘဝနှင့် နှစ်ပေါင်းရာနှင့်ချီကာ နေခဲ့ကြရသည်။
ကျူးကျော်သူနယ်ချဲ့တို့သည် အုပ်ချုပ်မှုပညာနှင့် ပရိယာယ်တို့ ကြွယ်ဝလှသည်။ အုပ်ချုပ်ခံနေရသူတို့ကြားတွင် မတူကွဲပြားမှုများကို စနစ်တကျရှာဖွေ၍ တသီးတခြားစီ ခွဲခြားထားရှိလိုက်ကြသည်။ ကွဲသည်ထက်ကွဲကြစေရန်အတွက်လည်း စီမံဖန်တီးခဲ့သည့်အပြင် အုပ်ချုပ်ခံတို့အကြား ရန်ဘက်သဖွယ် ဖြစ်လာစေရန်ပါ ပညာသားပါပါ ဆောင်ရွက်ခဲ့ကြသည်။ တစ်ဦးနှင့်တစ်ဦးကြား သံသယများနှင့် ယုံကြည်မှုကင်းမဲ့ကာ စည်းလုံးညီညွတ်မှု ပြိုကွဲ နေသူတို့ကို လွယ်ကူစွာအုပ်ချုပ်နိုင်သကဲ့သို့ ကာလရှည်ကြာစွာ အုပ်ချုပ်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ကြခြင်းပင်ဖြစ်သည်။ သို့ဖြင့် နိုင်ငံလွတ်လပ်ရေးအတွက် ပြန်လည်တောင်းဆိုသည့်အချိန်တွင် အမျိုးသားညီညွတ်ရေးကို မဖြစ်မနေ ဦးစွာတည်ဆောက်ခဲ့ရသည်။
“အမျိုးသားညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို။ လူမျိုး၊ ဘာသာ၊ ယောက်ျား၊ မိန်းမ၊ ဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား လူထုတစ်ခုလုံး၊ အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများ ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်း ဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်။” ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုခဲ့ပြီး တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ရောကိုယ်ပါ ညီညွတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သည်။ စည်းလုံးညီညွတ်သည့်အကျင့်ကို ကျင့်သုံးနိုင်သည့် အခိုက်မှာပင် ချမ်းသာခြင်းအကျိုးတရား ထင်ရှားစွာပေါ်ပေါက်လာခဲ့သည်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်နိုင်ငံနှင့် လူမျိုးဘဝကိုရောက်ရှိခဲ့သည်။
လွတ်လပ်ရေးရပြီးသည့်အခါ သံသယနှင့် မယုံကြည်မှုတို့က ငုပ်လျှိုးနေရာမှ တစ်ဖန်ပြန်လည်နိုးထလာခဲ့ပြန်သည်။ စစ်ဒဏ်ကိုခံခဲ့ရသည့်နိုင်ငံကို ပြန်လည်ထူထောင်ကြရမည့်အချိန်၊ ဖွံ့ဖြိုးတိုးတက်အောင် ညီညွတ်စွာ လက်တွဲဆောင်ရွက်ကြရမည့်အချိန်တွင် စည်းလုံးညီညွတ်မှုက ပြိုကွဲရပြန်လေသည်။ မညီညွတ်ခြင်း သည် ကြီးပွားချမ်းသာခြင်းကို ဆောင်ကြဉ်းမပေးနိုင်သည့်အတွက် ဆင်းရဲရသည်။ ဆင်းရဲသည့်အခါ အခက်အခဲနှင့် ပြဿနာတို့က ပတ်ချာဝိုင်းမည်သာဖြစ်သည်။ မည်သို့ပင်ဆိုစေ နိုင်ငံနှင့်လူမျိုး တို့ အပြီးတိုင် ပြိုကွဲပျောက်ကွယ်မသွားစေရန် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသူ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်သူ အင်အားစုတို့က အသက်သွေးချွေးများစွာ ရင်းနှီးပေးဆပ်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြခြင်းကြောင့်သာ ဤရေ၊ ဤမြေ၊ ဤနိုင်ငံတော်ကြီး ပုံစံမပျက်မယွင်း အဓွန့်ရှည်တည်တံ့ခဲ့ရသည်။
နိုင်ငံနှင့်လူမျိုးတို့ လွတ်လပ်ရေးရရှိရန်အတွက် စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပြသခဲ့သည်မှာ ယခုနှစ်တွင် (၇၉)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖို့ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ ထာဝစဉ်ရှင်သန်ထက်မြက်ကြရန်နှင့် ညီညွတ်သူတို့၏ အကျင့်သည်သာ ချမ်းသာခြင်းဖြစ်စေမည်ကို မပြတ်သောသတိဖြင့် နှလုံးသွင်းထားကြရပါမည့်အကြောင်း။ ။
