Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး ဘက်စုံခြံအတွင်း အသင်းစုပိုင်မြေပေါ်တွင် ရုရှားနေကြာမျိုးများဖြစ်သည့် MAKHAON KLP (မက်ဟွန်) မျိုး၊ VULKAN (ဗော့ကန်) မျိုး၊ IPPOLIT (အိုင်ပေါ်လစ်) မျိုး သုံးမျိုးအား တစ်မျိုးလျှင် ငါးဧကနှုန်းဖြင့် စုစုပေါင်း ၁၅ ဧက စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက နေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နေကြာများ အထွက်တိုးစေရေးအတွက် ပေါင်းမြက်များ စနစ်တကျရှင်းလင်းရန်၊ ရေသွင်းချိန်ရေသွင်းကြရန်နှင့် နေကြာမျိုးအပေါ်မူတည်ပြီး သတ်မှတ်ရက်အလိုက် မြေဩဇာများ စနစ်တကျထည့်သွင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျလုပ်ဆောင်မှသာ သတ်မှတ်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ နေကြာစတင်စိုက်ပျိုးသည့်နေ့ရက်မှ ရိတ်သိမ်းချိန်အထိ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း အသားတိုးကြက်ကောင်ရေ ၄၀၀၀ မွေးမြူရန် ကြက်ခြံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကြက်သားပေါက်များရောက်ရှိပါက တိရစ္ဆာန်ရောဂါများ မကျရောက်စေရေးနှင့် ကြီးထွားမှုနှုန်းများ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကြက်များ တစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ်မွေးမြူကြရန်လိုအပ်ပြီး ဈေးကွက်နှင့် ချိတ်ဆက်မွေးမြူကြရန်လည်း လိုအပ်ကြောင်း၊ ကြက်များမွေးမြူမှုအခြေအနေများကိုလည်း စနစ်တကျစောင့်ကြည့်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။      

သတင်းစဉ်