နေပြည်တော် နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည်။
အစည်းအဝေး သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးလှကျော် အမြဲတမ်းအတွင်း၀န် ဦးကျော်မင်းဦး ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယ၀န်ကြီး က အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက် လာကြသူများက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည့်စုံသော မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ထူထောင်ရေးနှင့်ပြုပြင်ပြောင်းလဲရေးစီမံချက် အရ မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ရာ ဆည်မြောင်း၊ ရေနုတ်မြောင်း နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ရေစီမံခန့်ခွဲမှုစနစ် သာမက စိုက်ပျိုးရေး အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းများ၊ ကျေးလက် အိမ်ထောင်စုများ၏ မြေယာပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ပိုမို အားကောင်း စေရန် နှင့် သင့်လျော်သော ဒီဂျစ်တယ် နည်းများဖြင့် မြေယာ မှတ်ပုံတင်ခြင်း စနစ်ကို အားကောင်း လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ ၊ ဆက်စပ်ဌာနများ ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ကန်ထရိုက်လယ်ယာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေး ဆိုင်ရာ လုပ်ငန်း စဉ်များအား အရှိန်မြှင့်တင် ဆောင်ရွက်ရန် ၊ တန်ဖိုးမြှင့် စားသောက်ကုန် လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ထွက်ကုန်များအား တန်ဖိုး မြှင့်တင်ခြင်း၊ စားသောက်ကုန် လုပ်ငန်းရှင်များနှင့် အခြေခံ ထုတ်လုပ်သူများ အကြား ချိတ်ဆက်မှု အားကောင်း လာစေရေး တို့အတွက် စီမံဆောင် ရွက် သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် စက်မှုလယ်ယာ ဖော်ဆောင်ရေးတွင်လည်း လယ်ယာသုံး စက်ကိရိယာများနှင့် စက်ပစ္စည်းများကိုအရစ်ကျ ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ရေး အတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်၊ ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး နှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းများတွင် အမျိုးသမီးများ၊ လယ်သမားများနှင့်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ စိုက်ပျိုး ရေးကဏ္ဍ၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် အစားအစာ ကဏ္ဍတို့တွင် ရွေ့လျား အသက်မွေး ဝမ်းကျောင်း သင်တန်းများအား ဆောင်ရွက် သွားရန် ၊ တောင်သူများ၏ စိုက်ပျိုးရေး ထွက်ကုန် များအတွက် ဝယ်လိုအား လိုအပ်ချက်အရ အမှာစာများ ပေးပို့နိုင်ရေးကို ခွင့်ပြုပေးခြင်းဖြင့် စိုက်ပျိုးရေး ထွက်ကုန်ရောင်းလိုအားနှင့် ဝယ်လိုအား အကြား ချိတ်ဆက်မှုအားကောင်းစေရေး အတွက် မိုဘိုင်းအက်ပလီကေးရှင်းကဲ့သို့ အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေးကို ဖွံ့ဖြိုးတိုးတက်စေရန် ၊ ကိုဗစ်-၁၉ ကာလလွန် မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များနှင့်အညီ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)