Skip to main content

ကုန်စိမ်းသီးနှံများ ထုတ်လုပ်သည်မှ ဈေးကွက် ဝင်ရောက်နိုင်သည်အထိ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် မှိုစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့နှင့်နည်းပညာရရှိရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  နိုဝင်ဘာ ၁၇

၂၀၂၀ ပြည့်နှစ် ဆောင်းရာသီထုတ်လုပ်မည့် ကုန်စိမ်းသီးနှံများ ထုတ်လုပ်သည်မှ ဈေးကွက်ဝင် ရောက်နိုင်သည်အထိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ စေရေးနှင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့နှင့် နည်းပညာရရှိရေး ညှိနှိုင်းအစည်းအဝေးကို     ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် က ယခု ကိုဗစ်-၁၉ ကာလတွင် ထွက်ပေါ်လာမည့် သီးနှံများကို ဈေးကွက်သို့ရောက်ရှိရန် ကန့်သတ်ချက်၊ တားမြစ် ချက်များကြောင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ ကုန်စည်သယ်ယူပို့ဆောင်ရေးများ၌ အခက်အခဲ များဖြစ်ပေါ်နေကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ကန့်သတ်မှုများရှိလာပြီး သီးနှံထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ထိခိုက်လာနိုင်သဖြင့် ကြိုတင်စီမံမှုများ လိုအပ်လာပါကြောင်း၊ အဆိုပါ သီးနှံများအတွက် သွင်းအားစုများနှင့် အရည်အသွေးပြည့် ဓါတ်မြေဩဇာများ မှန်မှန်ကန်ကန် လျင်လျင်မြန်မြန်ရရှိရန်လည်း လိုအပ်ပါကြောင်း၊ တရုတ်နယ်စပ်သို့ ဖရဲသခွားတင်ပို့ရန်အတွက် နယ်စပ်တွင် ကန့်သတ်မှု များရှိနေ၍ ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး သီးနှံစိုက်ပျိုးသူများ ထိခိုက်နစ်နာမှုများရှိ ကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်အခြေအနေကို ကြည့်၍ သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန်လည်းလိုအပ်ပါကြောင်း၊ တစ်ဖက်နိုင်ငံ၏ စားသုံးမှုလည်း ကျဆင်းလာ သကဲ့သို့ စားသောက်ဆိုင်များတွင် ကြက်သွန်၊ ဂေါ်ဖီသုံးစွဲမှုနှုန်း ကျဆင်းလာသဖြင့် ဝယ်လိုအားလည်း ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ပုပ်သိုးလွယ်သီးနှံများ ပြည်တွင်း ဈေးကွက်သို့ လျင်လျင်မြန်မြန် ပို့ဆောင်နိုင် ရန်အတွက် ဖြစ်ပေါ်နေသည့်အတား အဆီးများကို ဌာနများ၊ အသင်းအဖွဲ့များပေါင်းစပ်၍ ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အကန့်အသတ်များ ရှိနေပါကြောင်း၊ အလုပ်သမားများ၊ စိုက်ပျိုးထုတ်လုပ်သူ များပါဝင်သည့် ကွင်းဆက်တစ်ခုလုံး အတွက် စံသတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲအဖြေရှာ ပေးနိုင်ပါက ကောင်းမွန်နိုင် ပါကြောင်း၊ မှို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အရင်းအနှီး လိုအပ်မှုကို သမဝါယမချေးငွေမှ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် မှို စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်သော သွင်းအားစု၊ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးနည်းစနစ်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ မှိုစိုက်ပျိုးနည်း စနစ်များကို သင်တန်းပို့ချ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြည်တွင်းတွင် ကုန်တင်ယာဉ်များကန့်သတ်မှုရှိနေပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် လည်း ကုန်းကြောင်းကုန်သွယ်မှုကို အဟန့်အတားဖြစ် နေကြောင်း၊ ထိုသို့ဖြစ်ပေါ်နေမှုကို မည်သို့ ကျော်လွှားကြမည်လဲဆိုသည်ကိုဆွေးနွေးရန် လိုအပ်ပါကြောင်း၊ Cold StoragePacking House နှင့်  Logistic  Commodity Exchange Center များထူထောင်နိုင်ပါက ကုန်စည်စီးဆင်းမှု ချောမွေ့လာနိုင်ပါကြောင်း၊ ပြည်ပဝယ် လိုအားကို ထိန်းညှိရောင်း ချနိုင်ပါက ပုပ်သိုးပျက်စီးမှု၊ ဈေးနှုန်းကျဆင်းမှုများကို ရှောင်ရှားနိုင်မည်ဖြစ် ပါကြောင်း၊ သီးနှံကုန်စည်ဒို င်များကို မန္တလေး၊ လားရှိူးနှင့် တန့်ယန်း (နမ့်ဖတ်ကာ) ဒေသများတွင် တည်ထောင်နိုင်ပါက ပြည်ပတင်ပို့မှုကို အထောက်အကူပြုနိုင်ကြောင်း၊ Stay Home ကာလတွင် စားသုံးသူများကို ကုန်စည်ရောင်းချသည့် ဈေးကားများဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းက ဆောင်ရွက် ပေးနေသည်များရှိပါကြောင်း၊ ကုန်ကြောင်းပိုင်းသာမက လေကြောင်းလိုင်း ဖြင့်လည်း တင်ပို့မှုများ စီစဉ်နိုင်ရန်လိုအပ်ပါ ကြောင်း၊ သီးနှံထွက်ရှိရာဒေသမှ အနီးဆုံးနိုင်ငံ များသို့ တင်ပို့နိုင်ရေး ဆွေးနွေးကြရန်လည်း လိုအပ်ပါကြောင်း၊ ကုန်သည်များအနေဖြင့် တင်ပို့လိုသည့် နိုင်ငံများကို အဆို ပြုပေးပါက စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်း၊ မှိုစိုက်ပျိုးမှုချဲ့ထွင်ရန် လိုအပ်ပါကြောင်း၊ မှိုသည် ပရိုတင်း ဓာတ်ကြွယ်ဝ၍ အာဟာရရှိသဖြင့် ဈေးကွက်ဖန်တီး ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် မှိုစိုက်ပျိုးမှုများ ပြားပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ရောင်းချလျက်ရှိရာ မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး အတွက် ဓါတ်ခွဲခန်း၊ ပေါင်းတင်စက်စသည်များ ပံ့ပိုးပေးရန် လိုအပ်မည်ဖြစ် ကြောင်းနှင့် တက်ရောက်လာ သူများအနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ဆွေးနွေး ပြောကြားသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)