ရန်ကုန် နိုဝင်ဘာ ၁၇
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့ပါသည်။
အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်၏ ခမ်းနားတင့်တယ်မှု၊ သမိုင်း အစဉ်အလာ ကြီးမြတ်မှုများ၊ ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ နိုင်ငံနှင့်လူမျိုး အတွက် အကျိုးပြုပုံရိပ်များ၊ အောင်မြင်ထူးချွန်ထင်ရှားသည့်လူပုဂ္ဂိုလ်များ၊ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် အဆောက်အဦးများ၊ ရန်ကုန်တက္ကသိုလ်နှစ်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများနှင့် ပွဲတော်ပုံရိပ်များစသည့် ရန်ကုန်တက္ကသိုလ်၏ အနှစ်သာရကို ဖော်ညွှန်းရိုက်ကူးထား သည့် ရောင်စုံဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ ဓာတ်ပုံပညာရှင် (၉၇) ဦးက ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း (၆၃၂) ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများ စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအား ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် ရန်ကုန် တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ (Recreation Center) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဓာတ်ပုံပညာရှင်များက ပြိုင်ပွဲဝင်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ်ရွေးချယ် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်း/ ဓာတ်ပုံ - အောင်မြင့်