နေပြည်တော် ဇန်နဝါရီ ၉
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိရေးအတွက် “ဒို့အတူမဲပေးကြမည်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈ လမ်းထောင့်၌ လည်းကောင်း၊ လမ်း ၈၀ နှင့် ၄၁ လမ်းထောင့်၌လည်းကောင်း၊ ၈၄ လမ်း၊ ၃၈ လမ်းနှင့် ၄၁ လမ်းကြားရှိမန်းမြို့ဈေး၌လည်းကောင်း ဆောင်ရွက်ကြသည်။
ထိုသို့ ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
