နေပြည်တော် ဇန်နဝါရီ ၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင်နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခြင်းကို ကြိုဆိုထောက်ခံကြောင်းပြောကြားပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အောင်မြင်စွာကျင်းပပြီးစီးမှု အခြေအနေနှင့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို အောင်မြင် စွာ ဆက်လက်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့်အခြေအနေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက် ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဖိလစ်ပိုင်နိုင်ငံသားများအပါအဝင် အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်(၇၀)ကာလအတွင်း ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ထောင်ထားရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် အပြန်အလှန် အားပေးကူညီမှုများရှိခဲ့ကြောင်း၊ မကြာသေးမီက မန္တလေးငလျင်နှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စေလွှတ်၍ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)တွင် ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံးမှ ကိုယ်စားလှယ်များ စေလွှတ်ပေးခဲ့မှုနှင့် ရွေးကောက်ပွဲကို စနစ်တကျ အောင်မြင်စွာကျင်းပနေမှုအား အသိအမှတ်ပြု ပြောကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ရာ၌ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ပြည်ထောင်စု ဝန်ကြီး၏ ရှင်းလင်းပြောကြားချက်များကို သိရှိ မှတ်သားရကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများတွင် အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ၎င်း၏ ခရီးစဉ်သည် အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက စတင်တာဝန်ယူပြီးနောက် ပထမဆုံး လာရောက်သည့် မိတ်ဆက်ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုမှတစ်ဆင့် လူကုန်ကူးခံရသည့် ဖိလစ်ပိုင်နိုင်ငံသားများကိုကယ်တင်၍ ပြန်လည်လွှဲပြောင်းပေးသည့်အတွက် မြန်မာအစိုးရအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်
