Skip to main content

လွတ်လပ်ရေးကြိုးပမ်းခဲ့ကြသူများ မျှော်မှန်းခဲ့သည့် နိုင်ငံတော်တည်ဆောက်

နိုင်ငံနှင့်လူမျိုးအားလုံး တိုင်းတစ်ပါး၏လက်အောက် ကျရောက်နေခဲ့ရချိန်တွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ ထိုခေတ်၏ အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်ုပ်တို့အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့အောင်နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကိုတောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေးလွတ်လပ်မှု၊ လူတစ်ဦးတစ်ယောက်အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံးအနေနှင့်လည်းကောင်း တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စိတ္တအဆင့်အတန်း တိုးမြင့်အောင်ဆောင်ရွက်နိုင်ရန် လွတ်လပ်မှု စသည်တို့ကိုဆိုလိုပေသည်။ ဤလွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

သို့ဖြစ်ရာ မိမိတို့၏ဘိုးဘွားများ အသက်သွေးချွေးများစွာ ရင်းနှီးပေးဆပ်၍ လွတ်လပ်ရေးရယူခဲ့ကြခြင်းသည် မိမိတို့အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့နေနိုင်ရန်၊ လွတ်လပ်စွာနေထိုင်နိုင်ကြရန်၊ လူတစ်ဦးချင်း တိုးတက်ကြီးပွားအောင်၊ တစ်မျိုးသားလုံး တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်ရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စိတ္တအဆင့်အတန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်ရန်ဟူသော မျှော်မှန်းချက်များထားရှိ၍ ရယူခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့ခေတ်မျိုးဆက်သစ်များ၏ သမိုင်းပေးတာဝန်သည် ဘိုးဘွားတို့ လက်ဆင့်ကမ်းခဲ့သည့် လွတ်လပ်ရေးအမွေကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရုံသာမက လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ၏ မျှော်မှန်းချက်များနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်လည်း အားကြိုးမာန်တက် တည်ဆောက်သွားကြရမည်ဖြစ်သည်။

ယနေ့သည် မိမိတို့နိုင်ငံ တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်ခဲ့သည်မှာ (၇၈)နှစ် တင်းတင်းပြည့်မြောက်သည့် လွတ်လပ်ရေးနေ့ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံ၊ လွတ်လပ်သောနိုင်ငံသားများဘဝသို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးနီး ကြာမြင့်ခဲ့သည့် ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခများဖြင့်သာ အချိန်ကာလနှင့် အရင်းအမြစ်များစွာ ပြုန်းတီးခဲ့ရသည်။ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အနှောင့်အယှက်ကင်းစွာ အားသွန်ခွန်စိုက် ဆောင်ရွက်ရသည်ထက် နိုင်ငံမပြိုကွဲမပျက်စီးစေရန် ထိန်းသိမ်းကာကွယ်မှုကိုသာ အဓိကဆောင်ရွက်ခဲ့ရခြင်းဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့နောက်ကျခဲ့ရသည်။ နိုင်ငံနှင့်လူမျိုးတို့ လွတ်လပ်ခဲ့သော်လည်း လွတ်လပ်ရေးရယူပေးခဲ့ကြသူတို့၏ မျှော်မှန်းချက်ဖြစ်သည့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ရန်အတွက်မူ တစ်မျိုးသားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းအလုပ်လုပ်ကြရဦးမည်ဖြစ်သည်။ 

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့၏ အမျိုးသားရေးဦးတည်ချက်တို့မှာ-(၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့သည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်းစောင့်ရှောက်ရေး။ (၂) ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး။ (၃)လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်ရေး။ (၄) ဒေသအလိုက် သဘာဝထွက်ကုန်များကို အခြေခံကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရေးဟူ၍ဖြစ်ရာ မျက်မှောက်ကာလ ပြည်တွင်းပြည်ပ ပကတိအခြေအနေများနှင့်အညီ အမျိုးသားရေးတာဝန်များပင်ဖြစ်သည့်အလျောက် အောင်မြင်စွာ ဖော်ဆောင်ကြရပါမည့်အကြောင်း။ ။