Skip to main content

ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီချမှတ်

နေပြည်တော် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ မ ---- ၊ ၃၂ နှစ်သည် ဟိုင်းကြီးကျွန်းမြို့ အမှတ် (၂) ရပ်ကွက်နေ အစ်မတစ်ဝမ်းကွဲတော်စပ်သူ ထမင်းချက်အကူလုပ်ကိုင်နေသည့် နေအိမ်သို့ သားသမီးသုံးဦးနှင့်အတူ သွားရောက်လည်ပတ်ခဲ့ရာ အဆိုပါနေအိမ်တွင် အိမ်အကူအလုပ်လုပ်ကိုင်နေသည့် မဇူလိုင်မိုးနှင့် ခင်မင်ရင်းနှီးပြီး မဇူလိုင်မိုးက နေပြည်တော်တွင် ကလေးထိန်းသည့် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် လေးသိန်းငါးသောင်းကျပ်ရမည်၊ လမ်းစရိတ်များကို ရန်ကုန်မြို့နေ မသန္တာအောင် (ခ) အငယ်မမှ အကုန်ကျခံပေးမည်ဟု စည်းရုံးပြောဆိုပြီး တစ်ရပ်ကွက်တည်းနေ မခင်သန်းဝင်း (ခ) အကြီးမနေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် မခင်သန်းဝင်း (ခ) အကြီးမက ဓာတ်ပုံများ ရိုက်ယူပြီး အိမ်အကူလုပ်လျှင် လှလှပပနေရန်နှင့် သားသမီးများကို ရွာသို့ပြန်ပို့ရန်လိုကြောင်း ပြောဆိုခဲ့သဖြင့် ရွာသို့ပြန်ပို့ခဲ့ကြောင်း၊ မဇူလိုင်မိုးက ယင်းအမျိုးသမီးကို ရန်ကုန်မြို့ ပုဇွန်တောင်ဈေးရှိ မသန္တာအောင် (ခ) အငယ်မထံ ပို့ဆောင်ခဲ့ပြီး မသန္တာအောင် (ခ) အငယ်မက ရန်ကုန် - မန္တလေး- မူဆယ်မြို့သို့ အဆင့်ဆင့်ပို့ဆောင်ကာ မူဆယ်မြို့ တရားမဝင်ခိုးပေါက်မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ နေအိမ်တစ်အိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းအမျိုးသမီးကို အိမ်ရှင်တရုတ်အမျိုးသမီးက တရုတ်အမျိုးသားနှင့် လက်ထပ်ယူရမည်၊ မယူပါက လမ်းစရိတ် ယွမ် ၅၀၀၀ ပြန်လည်ပေးလျော် ရမည်ပြောရာ ငြင်းဆန်သဖြင့် အခန်းတစ်ခုတွင် သော့ခတ်ပိတ်လှောင်၍ ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း၊ ငါးရက်ခန့်အကြာ တစ်အိမ် တည်းနေ မြန်မာအမျိုးသမီးတစ်ဦးက သော့ဖွင့်ပေး၍ ထွက်ပြေးရန်ပြောသဖြင့် ထွက်ပြေးခဲ့ရာ ရွှေလီမြို့ရှိ ရဲစခန်းတစ်ခုသို့ ရောက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းခံရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အရ ဘဝရပ်တည်ရန် ခက်ခဲသည့် မြန်မာအမျိုးသမီးကို ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူ၍ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို အမှတ် (၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ပုသိမ်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ပုသိမ်ခရိုင် တရားရုံးမှ ဖမ်းမိတရားခံ မဇူလိုင်မိုး၊ မခင်သန်းဝင်း (ခ) အကြီးမတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကာ တိမ်းရှောင်တရားခံ မသန္တာအောင် (ခ) အငယ်မကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်