Skip to main content

ယဉ်ကျေးသိမ်မွေ့သောနည်းလမ်းဖြင့် ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်း

နေခြည်နွေးနွေးဆောင်းအေးအေးတွင် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ၊ လွတ်လပ်အေးချမ်းစွာ မဲပေးကြသည့်မြင်ကွင်းမှာ နံနက်ခင်းကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ရှိမဲရုံများတွင် ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှာစတင်ခဲ့သည်။ မဲရုံစတင်ဖွင့်လှစ်ချိန်မှစကာ ပိတ်သိမ်းသည့်အချိန်အထိ နိုင်ငံသားတာဝန်ကျေပွန်စွာ လာရောက်မဲပေးကြသည့် ပြည်သူများမှာ မည်သည့်ဖိအားတစ်စုံတစ်ရာကြောင့်မှမဟုတ်ဘဲ မိမိတို့၏လွတ်လပ်သည့် သဘောထားဆန္ဒအလျောက် မဲရုံများဆီသို့ သွားရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် နိုင်ငံအတွင်းရှိ အချို့နေရာများတွင် ရွေးကောက်ပွဲမဖြစ်မြောက်ရန်၊ ပျက်စီးရန်အားထုတ်မှုများ၊ မဲရုံသို့မသွားရန်၊ မဲမပေးရန် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်မျိုး ခြိမ်းခြောက်မှုများရှိခဲ့သလို ဒရုန်းဖြင့် ဒရော့ဗုံးချခြင်း၊ အဝေးမှရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း၊ မမှန်သတင်းများ ဖြန့်ဝေခြင်း တို့ကို မဲပေးမည့်မနက်မတိုင်မီအချိန်အထိ အကြမ်းဖက်သမား တို့က ပြုလုပ်ခဲ့ကြသည့်တိုင် မဲဆန္ဒရှင်ပြည်သူများက မဲရုံသို့သွား၍ ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ရာ ပြည်သူများ၏ အစစ်အမှန် နိုင်ငံရေးအလိုဆန္ဒကို တွေ့ရှိနိုင်သည်။ မဲပေးကြသူများမှာ အလုပ်မသွားမီ မဲရုံသို့စောစောသွား၍ မဲပေးကြသူများ၊ နေ့လယ်ထမင်းစားချိန်တွင် မဲရုံသို့သွား၍ မဲပေးကြသူများ၊ ဆေးရုံတက်ပြီး ဆေးကုနေရာမှ ခေတ္တပြန်လာမဲပေးသူ၊ ချိုင်းထောက်နှင့် လာရောက်မဲပေးသူ၊ ဝှီးချဲဘီးတပ်ကုလားထိုင်နှင့် လာရောက်မဲပေးသူစသည်ဖြင့် တက်တက်ကြွကြွရှိကြသလို စနစ်တကျတန်းစီ၍ စည်းကမ်းရှိရှိဖြင့် နိုင်ငံကြီးသားပီသစွာ မဲပေးခဲ့ကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲကို ပြည်ပြေးပြည်ဖျက်မီဒီယာတို့က မည်သို့ပင်မမှန်မကန်ရေးသားထုတ်လွှင့်ကာ အသရေဖျက်နေကြစေကာမူ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်ကြသူများ၊ သံတမန်များ၊ သတင်းမီဒီယာများနှင့် ကိုယ်တိုင်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများမှာ ပကတိအခြေအနေမှန်ကို မျက်မြင်ကိုယ်တွေ့ သိရှိကြရပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင်ရှိနေကြသော ပြည်သူလူထုတစ်ရပ်လုံးမှာ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တည်ငြိမ်အေးချမ်းခြင်းကင်းမဲ့မှုများ၊ ကျီးလန့်စာစားစိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေထိုင်ရမှုများ စသည်တို့အပေါ် နောက်ထပ်ထပ်မံ၍ မတွေ့ကြုံလိုတော့။ နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများက နိုင်ငံကိုအားအင်ချည့်နဲ့သည့် အခြေအနေနှင့်ရေရှည်တွင် ကျရှုံးနိုင်ငံဖြစ်စေနိုင်သည့် အန္တရာယ်ရှိနေသည်။ သို့ဖြစ်ရာ NUG,PDF နှင့် EAOs တို့မှ ခေါင်းဆောင်ဆိုသူများ၏ လက်နက်ကိုင်ပဋိပက္ခများ သက်ဆိုးရှည်ရေး လှုံ့ဆော်မှုများမှာ ပြည်သူလူထု၏ လက်တွေ့ဘဝခံစားချက်များနှင့် မကိုက်ညီ။ ပကတိအခြေအနေမှန်များနှင့် ကင်းကွာနေသည့်အလျောက် မဲရုံများဆီသို့ အရောက်သွားကာ မိမိတို့၏ဆန္ဒမဲများကို ပေးကြပြီး မိမိတို့၏ အနာဂတ်ကို ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။

နောက်လာမည့်ရက်သတ္တနှစ်ပတ်အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)တွင် မြို့နယ်ပေါင်း ၁၀၀ မှ မဲဆန္ဒရှင် ပြည်သူများဆန္ဒမဲပေးကြရမည်ဖြစ်သည်။ ပြည်သူလူထုက ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်နေချိန်တွင် အကြမ်းဖက် အဖျက်သမားသောင်းကျန်းသူအုပ်စုများကမူ စစ်အာဏာရှင်၊ စစ်နယ်ရှင်ဝါဒကို ဆက်လက်စွဲကိုင်ကာ ခြိမ်းခြောက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများကို မိုက်တွင်းနက်စွာ ဆက်လက်ပြုလုပ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာသည်။ ပြည်သူလူထု တစ်ရပ်လုံးက လိုလားနေသည့် ဒီမိုကရေစီစနစ်သို့ ပြန်လည် ရောက်ရှိရန်အတွက် သွေးထွက်သံယိုမှု ကင်းမဲ့သော၊ နူးညံ့ညင်သာဆုံးနှင့် ယဉ်ကျေးသိမ်မွေ့ဆုံးသော နည်းလမ်းမှာ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲသာလျှင်ဖြစ်ရာ ဆက်လက်ကျင်းပသွားရမည့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃)တို့တွင်လည်း ပြည်သူလူထု၏အင်အားနှင့် စစ်မှန်သည့်ဆန္ဒကို ဆက်လက်ပြသကြရပါမည့်အကြောင်း။ ။