Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို

ပူတာအို ဒီဇင်ဘာ ၁၈

ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ကောင်းမှုလုံစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆွမ်း၊ သစ်သီး၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး စေတီတော်အား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စေတီတော်၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ကောင်းမှုလုံစေတီတော်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာအနီး မလိခမြစ်၏ အရှေ့ဘက်ကမ်း၌ ကျော်ဇောထင်ရှားသပ္ပါယ်စွာ တည်ရှိပြီး သာသနာသက္ကရာဇ် ၂၄၄ ခုနှစ် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော် (၃) ဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ စေတီတော်သည် ပူတာအိုဒေသတွင် အရွယ်အစားနှင့် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်းတွင် ရှေးခေတ်အဆက်ဆက်မှ ယခုခေတ်ကာလတိုင်အောင် ဗုဒ္ဓသာသနာတော် တည်တံ့ထွန်းကားပြန့်ပွားဆဲဖြစ်သည်ဆိုသည့် မော်ကွန်းအထိမ်းအမှတ်သဖွယ် ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် တည်ရှိနေတော်မူခြင်းဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် မချမ်းဘောတပ်နယ်နှင့် ပူတာအိုတပ်နယ်တို့ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကို လိုက်လံကြည့်ရှုပြီး အိမ်ထောင်သည်ရဲမေများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ရဲမေများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။