ဘန်ကောက် ဒီဇင်ဘာ ၁၇
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစား ကွင်း၊ အားကစားရုံများ၌ ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ပိုက်ကျော်ခြင်း၊ စကွက်ရ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ကဘာဒီ၊ ခရစ်ကတ်၊ လက်ဝှေ့၊ ဘိလိယက်နှင့် စနူကာ၊ ဖူဆယ်၊ E-sports၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြင်းစီး၊ နပန်းနှင့် ရွက်လှေပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဝင်းသူလင်းနှင့် ဇနီး၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အဖွဲ့ဝင်များနှင့်အတူ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးကမ်းရိုးတန်း၊ ကမ်းခြေတစ်ယောက် လှော်(၂)တက်ပေါင်း ၈ တက်လှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ နီလာဝင်း၏ ယှဉ်ပြိုင်နေမှုနှင့် ထိုင်းနိုင်ငံချွန်ဘူရီမြို့ရှိ Samudara Klia Yachting Center, Sattahip Chonburi ၌ ရွက်လှေအားကစားနည်း SSL 47 ပြိုင်ပွဲတွင် မြန်မာအသင်းယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့အတူ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် အဖွဲ့ဝင်များနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Chalermphra-kiat Sports Operation Center Building Rajamangla Univer-sity of Technology Rattanako-sin Bangkok ၌ ကဘာဒီအားကစားနည်း Three Stars ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်း၊ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာ အသင်းနှင့် အရှေ့တီမောအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nakhonpathom Sports Center Bangkok ၌ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အရှေ့တီမောအသင်း၊ မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်း၊ အမျိုးသမီးလေးယောက် တွဲပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်း၊ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။
မြန်မာ အသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ စကွက်ရ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ စက်ဘီးအားကစားနည်း အမျိုးသမီးတစ်ဦးချင်း (Road Race)ပြိုင်ပွဲ၊ သေနတ်ပစ်အားကစား နည်း ၂၅ မီတာပစ္စတို အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက် ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်အား ကစားနည်းအမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ ကဘာဒီအားကစားနည်း Three Stars ပြိုင်ပွဲ၊ ခရစ်ကတ်အားကစားနည်း T20i အမျိုးသမီးပြိုင်ပွဲ၊ လက်ဝှေ့ အားကစားနည်း ၅၀ နှင့် ၅၇ ကီလို တန်းပြိုင်ပွဲများ၊ ဘိလိယက်နှင့် စနူကာအားကစားနည်း Snooker အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ ဖူဆယ်အမျိုးသားပြိုင်ပွဲ၊ E-sports အမျိုးသား အသင်းလိုက်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလှေ အားကစားနည်း အမျိုသမီးကမ်းရိုး တန်း၊ ကမ်းခြေတစ်ယောက်လှော် (၂) တက်ပေါင်း ၈ တက်လှော်ပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက် လှော် (၂) တက်ပေါင်း ၄ တက် လှော်ပြိုင်ပွဲများ၊ မြင်းစီး အားကစားနည်း Jumping Individual Qualification ပြိုင်ပွဲ၊ နပန်းအားကစားနည်းအမျိုးသား Greco Roman (-67) kg ပြိုင်ပွဲ များနှင့် -၆၇၊ -၇၇၊ -၉၇ ကီလို တန်းပြိုင်ပွဲများနှင့် ရွက်လှေအားကစားနည်း SSL 47 ပြိုင်ပွဲ များတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာလှေလှော် အားကစားနည်း အမျိုးသမီးကမ်းရိုးတန်း၊ ကမ်းခြေတစ်ယောက် လှော်(၂)တက်ပေါင်း ၈ တက် လှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ နီလာဝင်းသည် မြန်မာနိုင်ငံ အတွက် ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး ယမန်နေ့ ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် ဘိလိယက်နှင့် စနူကာအားကစားနည်း အမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ဘုန်းမြင့်ကျော်သည် မြန်မာနိုင်ငံ အတွက် ကြေးတံဆိပ်ဆုကို ထပ်မံ ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၇ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေးတံဆိပ် ၃၄ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
