Skip to main content

ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၈၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၄

ဟိုပုံးမြို့နယ် ဟိုတင့်ကျေးရွာအနီး မော်တော်ယာဉ်များအား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၂ ရက် ညနေ  ၅ နာရီခွဲခန့်တွင် လွိုင်လင်မြို့အထွက် လွိုင်လင်-တောင်ကြီး ကားလမ်း   ဟိုတင့်ကျေးရွာ အနီးတွင် လွိုင်လင်ဘက်မှ  တောင်ကြီးဘက်သို့ မောင်းနှင်လာသော ခဲရောင်မော်တော် ယာဉ်တစ်စီးမှာ ရှာဖွေစစ်ဆေးသည့်နေရာသို့ မရောက်မီ မသင်္ကာဖွယ်ရပ်တန့်သွားသည်ကို တွေ့ရှိသဖြင့် သွားရောက်  စစ်ဆေးမည်ပြုစဉ် Revo အမျိုးအစားမော်တော်ယာဉ်နှင့် Ford အမျိုးအစား မော်တော်ယာဉ်တို့ ထပ်မံရောက်ရှိလာပြီး အဆိုပါမော်တော်ယာဉ် သုံးစီးမှာ ဟိုတင့်ကျေးရွာအတွင်းသို့ မောင်းနှင်ထွက်ပြေး သွားသဖြင့် နောက်မှထက်ကြပ်မကွာ လိုက်၍ ဖမ်းဆီးရမိရေးအတွက် အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဟိုပုံးမြို့အဝင် ဆီဆိုင်အနီးတွင် ရှေ့ပြေးယာဉ်ဖြစ်သော စိုင်းဝမ်းလျန်း မောင်းနှင်ပြီး စိုင်းဆန်ကို လိုက်ပါလာသည့် Platana အမျိုးအစား  ခဲရောင်ယာဉ်အား စတင်ဖမ်းဆီးရမိ သည်။ ယင်းနောက် ည ၇ နာရီခွဲခန့်တွင် လွိုင်လင်-တောင်ကြီးကားလမ်း၊ မိုင်တိုင် (၁၀၁/ဝ)အနီးတွင် Ford အမျိုးအစားမော်တော်ယာဉ်အား ပိတ်ဆို့တားဆီးစဉ် နောက်ပြန်လှည့် မောင်းပြေးသဖြင့် သတိ ပေးပစ်ခတ်သော်လည်း မော်တော်ယာဉ်မှာ လမ်းဘေးလျှိုအတွင်းထိုးကျသွားပြီး ယာဉ်ပေါ်ပါသူ     နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့၍ အဆိုပါယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား   ၈ဝဝ,ဝဝဝ    သိမ်းဆည်းရမိခဲ့ကြောင်း။

တစ်ချိန်တည်းမှာပင် ဟိုပုံးမြို့အဝင် ရေထွက်အနီး၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်း ပါဝင်သူ မနန်းဆိုင်ထွေးနှင့် ၎င်း၏ ခင်ပွန်းမောင်သန်း(ခ)ကျော်ခင်တို့အား Revo အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးမှာ စိုင်းယဉ်နှင့်စိုင်းနော်ခမ်းတို့ဖြစ်ကြောင်း သိရှိရသဖြင့် မနန်းဆိုင်ထွေး (၃၅) နှစ်၊ မောင်သန်း (ခ) ကျော်ခင်(၂၇) နှစ်၊ စိုင်းဝမ်းလျန်း (၂၀) နှစ်၊ စိုင်းဆန်ကို (ခ) စိုင်းကွမ်ခေး (၂၅) နှစ်၊  စိုင်းယဉ်  (တိမ်းရှောင်) နှင့် စိုင်းနော်ခမ်း  (တိမ်းရှောင်)တို့အား   မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။               

သတင်းစဉ်