Skip to main content

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းမှ ရွှေတုံးများနှင့် နိုင်ငံခြားငွေများ ခိုးမှုကျူးလွန်သူများကို ဖမ်းဆီးရမိ

ရန်ကုန်  နိုဝင်ဘာ  ၁၄

ဒဂုံမြို့သစ်(မြောက်ပိုင်း) (၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ရွှေဆိုင်သို့ နိုဝင်ဘာလ ပထမပတ်က  လူနှစ်ဦး က ရွှေတုံးတစ်တုံးလျှင် ၁၀ ကျပ်သားခန့်ရှိ ရွှေတုံးနှစ်တုံးအား ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ လာရောက်ရောင်းချနေကြောင်း ဖုန်းဖြင့် ဆက်သွယ်အကြောင်း ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များ သွား ရောက်စစ်ဆေးရာ    လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊   (၅)  ရပ်ကွက်၊ တပင်ရွှေထီးလမ်း (ကျူး) နေ  ကျော်နိုင်(ခ)ကျော်ကျော်နိုင်နှင့် ၎င်း၏ဇနီး မီးမီး (ခ) ခိုင်ဇင်ဝင်း တို့ဖြစ်ပြီး အဆိုပါ ရွှေတုံးနှစ်တုံးအား  ၎င်းတို့၏ တူ အောင်ကျော်မြင့်က ရောင်းခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ဒဂုံမြို့သစ်  (မြောက်ပိုင်း) မြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝင်များက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅) ရပ်ကွက်၊ တပင်ရွှေထီး လမ်း(ကျူး)နေ အောင်ကျော်မြင့် အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ရွှေတုံးများအား ညီဖြစ်သူ  ဖြိုးဝေမင်းနှင့် ၎င်း၏သူငယ်ချင်း ခိုင်မြဲတို့ နှစ်ဦးက ခိုးယူခဲ့ခြင်းဖြစ်ကြောင်း၊ ခိုးယူရရှိသော ရွှေတုံး ခြောက်တုံးအား ကျော်နိုင်(ခ)ကျော်ကျော်နိုင်နှင့် ရန်နိုင်စိုးတို့အား ရောင်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း  ထွက်ဆိုချက်အရ ဖြိုးဝေမင်း၊ ခိုင်မြဲ နှင့် ရန်နိုင်စိုးတို့ သုံးဦးအားအမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

၎င်းတို့က  လှိုင်သာယာ  (အရှေ့ပိုင်း) မြို့နယ်၊ (၅) ရပ်ကွက်ရှိ နေအိမ် တစ်အိမ်အတွင်းမှ    ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ရွှေတုံးရောင်းချ ရငွေများဖြင့် ဖြိုးဝေမင်း၏  မိခင် ဒေါ်သန်းသန်းအေး က ဦးစီး၍ ခိုင်မြဲ၊ အောင်ကျော်မြင့်တို့သည် သန်လျင်မြို့နယ်၌ မြေကွက် တစ်ကွက်အား ငွေကျပ်သိန်း ၈၀ ဖြင့် လည်းကောင်း၊ ရွှေထည်ပစ္စည်း ခုနစ်မျိုးနှင့် လက်ကိုင်ဖုန်းသုံးလုံးအား လည်းကောင်း၊ ဝယ်ယူ ထားရှိကြောင်းနှင့် ကျန်ရှိရွှေတုံး ၃၉ တုံးနှင့်  အမေရိကန်ဒေါ်လာ ၁၀၀ တန်  ၅၂ ရွက်အား ခိုင်မြဲ၏ နေအိမ် (ကျူး) တဲရှိ အမှိုက်များထားသော နေရာတွင် သိမ်းဆည်းထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သည်။

အမှုမှ သက်သေခံပစ္စည်း ရွှေတုံး တစ်တုံးလျှင် ၁၀ ကျပ်သားခန့်ရှိ ရွှေတုံး ၄၅ တုံး၊  အမေရိကန်ဒေါ်လာ ၁၀၀  တန် ၅၂ ရွက်၊ အင်ဒိုနီးရှား ငွေစက္ကူ ၃၆,၀၀၀၊ ရွှေတုံးရောင်းရငွေဖြင့် ဝယ်ယူထားသည့်    ရွှေထည်ပစ္စည်း ခုနစ်မျိုး၊ လက်ကိုင်ဖုန်း သုံးလုံးတို့ကို ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ အောင်ကျော်မြင့်ပါ ခုနစ်ဦးကို  ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေးအတွက်ဆက်လက်    ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား