Skip to main content

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ရိုက်ကူးမှုနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၄

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာ ပြည့်မြောက်မည် ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်၏ နှစ် (၁၀၀) ပြည့် အကြိုအထိမ်းအမှတ် အစီအစဉ်များကို ကျင်းပလျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီးမြှင့်တင်ရန် အဓိကဦးတည် ချက်များ၏ စွမ်းဆောင်မှုများကို ဖော်ထုတ်ခြင်း၊ တက္ကသိုလ်၏ ထင်ရှား ကျော်ကြားခဲ့သော ပုံရိပ်များကို အောက်မေ့သတိရရန်နှင့် ရန်ကုန်တက္ကသိုလ်၏ အောင်မြင်မှုများကို အတုယူရင်း ပညာရေးအဆင့်အတန်းမြှင့်တင်ရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ရိုက်ကူးမှုကို နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား စတူဒီယို၌ ပြုလုပ်သည်။

နောက်ဆုံးပွဲစဉ်ရိုက်ကူးမှုအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ရမှတ် (၂၅)မှတ် ဖြင့် တောင်ငူအဖွဲ့မှ ပထမ၊ ရမှတ် (၂၂) မှတ်ဖြင့် ရာမညအဖွဲ့က ဒုတိယ၊ ရမှတ် (၂၁) မှတ်ဖြင့် ဒဂုံအဖွဲ့က တတိယ၊ ရမှတ် (၁၆) မှတ်ဖြင့် ပဲခူးအဖွဲ့က နှစ်သိမ့်ဆု များရရှိကြကြောင်း သိရသည်။

ရန်ကုန်သတင်းဌာနခွဲ