Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၆

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြရာ လေဆိပ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာ အကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမသို့သွားရောက်၍ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် တတိယအပိုင်းကို (၂) ပတ်အကြာတွင်လည်း မြို့နယ် ၇၂ မြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် မြို့နယ် ၅၆ မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားပါကြောင်း။

မဲမသမာမှုများမဖြစ်ပေါ်စေရေး

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုများကြောင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူခဲ့ရကြောင်း၊ ယခုကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် ဒစ်ဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံကအသုံးပြု၍ ရွေးကောက်ပွဲများကျင်းပခဲ့ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်းဖြင့် လိုအပ်သည့်အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျရာကဏ္ဍမှ လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများစိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးပိုင်ခွင့် ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင်နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင်မဲပေးရန် တစ်ဦးချင်းတာဝန်ရှိပါကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးကြရမည်ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးစီးဦးရွက်ပြုလုပ်နိုင်သူများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူများကိုရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း။

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်

တပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန်မှာ အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်လုပ်ဆောင်သွား ကြရန်လိုကြောင်း၊ သို့မှသာ ကိုယ်ကျန်းမာစိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်မှုရှိအောင် စနစ်တကျနေထိုင်စားသောက်သွားရန်လည်းလိုအပ်ကြောင်း၊ လေ့ကျင့်သင်ကြားထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်ဆောင်ပုဒ် အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်မှသာ ကျွမ်းကျင်မှုရှိ၍ မိမိကိုယ်ကို ယုံကြည်မှုရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင်သည့်အခါ ရဲစွမ်းသတ္တိများဖြင့် အောင်ပွဲဆင်နိုင်မည်ဖြစ်ကြောင်း၊ ရဲစွမ်းသတ္တိသည် ပင်ကိုဗီဇပါသည့်သူ အနည်းငယ်သာရှိပြီး ကျန်းမာကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာ ကျွမ်းကျင်မှုများဖြင့် မွေးမြူသွားကြရမည်ဖြစ်ကြောင်း။

စွမ်းရည်သုံးရပ်ပြည့်ဝနေရန်လိုအပ်

တပ်မတော်သားများသည် နိုင်ငံတော်ကိုကာကွယ်ရန် တာဝန်ရှိသည့်အတွက် မူလတာဝန်များကိုလည်း မလစ်ဟင်းအောင်၊ တရားသဖြင့် ပေးအပ်လာသည့် အမိန့်နှင့် တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်ပြည့်ဝနေရန်လိုအပ်ပြီး တပ်မတော်၏ အစဉ် အလာ ၁၂ ရပ်ကိုလည်း ထိန်းသိမ်းကာကွယ်သွား ကြရန်လိုကြောင်း၊ ထိုသို့ စွမ်းရည်သုံးရပ် ပြည့်စုံရန် မှာ တပ်ရင်း/တပ်ဖွဲ့အလိုက် လေ့ကျင့်ရေးဖြင့် တည်ဆောက်၊ အုပ်ချုပ်ရေးဖြင့် တည်ဆောက်၊ သက်သာချောင်ချိရေးဖြင့် တည်ဆောက်၊ စိတ်ဓာတ်ဖြင့် တည်ဆောက်ဆိုသည့် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန် (၄) ရပ်ကိုလည်း နိစ္စဓူဝလုပ်ဆောင် နေကြရမည်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများကို တာဝန်ရှိသူများအနေဖြင့် မျက်ခြည်မပြတ်ကြည့်ရှုပြီး အချိန်မီဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထို့ပြင် သက်ဆိုင်ရာကွပ်ကဲအုပ်ချုပ်သည့် တပ်မှူးများအနေဖြင့်လည်း မိမိတပ်ရင်း/တပ်ဖွဲ့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို တပ်မှူးကောင်းစိတ်ဓာတ်ဖြင့် ညီညွတ်မျှတစွာ အုပ်ချုပ်ကွပ်ကဲကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံးကို အဆင့်အလိုက် လျော်ညီသည့်ရပိုင်ခွင့်များ၊ ခံစားခွင့်များ ပေးထားပြီးဖြစ်ကြောင်း၊ ရသင့်ရထိုက်သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်နှင့်အောက် အပြန်အလှန်လေးစားယုံကြည်မှုရှိပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူ

အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) လုပ်ငန်းလမ်းစဉ်ပါ တပ်မတော်သားတစ်ဦးချင်း ပြုကျင့်လိုက်နာရမည့် စစ်သည်တော် ကျင့်ဝတ် ၂၀ ပါးပါ ရိုးရိုးပဲနေထိုင် စားသောက်ပါ၊ မိမိဝင်ငွေနှင့် ထွက်ငွေညီမျှပါစေ ဆိုသည့်အချက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက် သေစာသောက်စားခြင်းနှင့် လောင်းကစားခြင်း ရှောင်ပါ၊ တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါဆိုသည့်အတိုင်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း၊ မိမိတို့ရရှိသည့်ဝင်ငွေနှင့်ထွက်ငွေကို မျှတအောင် သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက်များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့ဘဝတိုးတက်ရေးအတွက် အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း တပ်တိုင်းတွင်စာကြည့်တိုက်များ ထားရှိပေးထားပြီးဖြစ်၍ စာကောင်းပေမွန်များကို ဖတ်မှတ်လေ့လာ ကြရန်လိုကြောင်း၊ စာများများ ဖတ်ရှုလေ့လာမှသာ အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်ပြီး အမှား နှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အရာရှိ ၊ စစ်သည်၊ မိသားစုများအနေဖြင့် စာများများ တိုးတက်ဖတ်ရှုကြရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့်လေးသင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့်လေးသင့်ဆိုသည်မှာ သွားသင့်သည့်နေရာကိုသွားရန်၊ ပြောဆိုသင့်သည့် စကားကိုသာပြောဆိုရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပေါင်းသင်း သည့်သူကိုသာ ပေါင်းသင်းသွားရန်တို့ ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်ကအားထားရသည့် နိုင်ငံသားကောင်းများဖြစ်အောင်ပေးအပ်သည့် တာဝန်များကို သစ္စာရှိစွာဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်