သမဝါယမဟူသည် လူတစ်ဦးချင်းစီအနေဖြင့် ဖြည့်ဆည်းနိုင်ခြင်းမရှိသော လူမှုစီးပွားဘဝလိုအပ်ချက်များကို ဘဝတူ၊ ဆန္ဒတူသူများ အချင်းချင်းစုပေါင်း၍ ဝိုင်းဝန်းဖြေရှင်းကြခြင်းဖြစ်သည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး ခွဲဝေခံစားကြခြင်း၊ အကျိုးတူစီးပွားဖက်များအဖြစ် ဆန္ဒအလျောက် ပေါင်းစည်းလုပ်ကိုင်ကြခြင်းဖြစ်သည်။ ဆန္ဒတူသူများစုပေါင်း၍ အသင်းဖွဲ့စည်းဆောင်ရွက်ကြရာတွင် အသင်း၌ပါဝင်သည့် အသင်းသားတိုင်းက ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်း၊ အများအကျိုးကို အလေးထားခြင်းစသည့် ကျင့်ဝတ်တို့နှင့် ပြည့်စုံဖို့လိုသည်။
ကမ္ဘာပေါ်တွင် ပထမဦးဆုံးပေါ်ပေါက်ခဲ့သည့် သမဝါယမလှုပ်ရှားမှုမှာ ၁၉ ရာစုခေတ်လယ်ကာလ အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးလ်မြို့မှ ရက်ကန်းသမား ၂၈ ဦးတို့၏ ကုန်စုံဆိုင်သမဝါယမဖြစ်သည်။ စက်မှု တော်လှန်ရေးနှင့်အတူ အရင်းရှင်ကြီးများ၏ စက်ရက်ကန်းစက်ရုံများ ပေါ်ပေါက်လာခဲ့ရာ လက်ရက်ကန်းသမားများမှာ ခေတ်မီစက်ရက်ကန်းရုံကြီးများကို မယှဉ်နိုင်တော့ဘဲ လုပ်ငန်းများပျက်စီးသွားကြပြီး ရက်ကန်းစက်ရုံများတွင် အလုပ်သမားများဘဝသို့ ကျရောက်သွားကြရသည်။ လုပ်ခလစာနည်းနည်းဖြင့် စက်ရုံများ၌ ဝင်ရောက်လုပ်ကိုင်ကြရာတွင်လည်း အရင်းရှင်ကုန်စုံဆိုင်များက အမျိုးအစားညံ့ဖျင်းသည့်ကုန်များ၊ ရောနှောထားသည့် စားသုံးကုန်များကို ဈေးနှုန်းကြီးစွာဖြင့် ရောင်းချသည်နှင့် ကြုံရသည်။ ထို့အပြင် နေထိုင်ရန်အတွက် အခန်းများမှာ ကျဉ်းမြောင်းပြီး နေထိုင်ရန်မသင့်သည့်အခြေအနေမျိုးတွင် ပြွတ်သိပ်နေထိုင်ကြရခြင်းဖြစ်ရာ စက်ရက်ကန်းအလုပ်သမားများမှာ အရင်းရှင်စနစ်ဆိုး၏ ခေါင်းပုံဖြတ်မှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ကြရခြင်းဖြစ်သည်။
ယင်းအခြေအနေဆိုးမှ လွတ်မြောက်ရန်အတွက် ဆန္ဒတူညီခဲ့ကြသော ရက်ကန်းသမား ၂၈ ဦးတို့သည် ကုန်စုံဆိုင်စုပေါင်းတည်ထောင်ရန် အရင်းအနှီးကို တစ်နှစ်ကြာစုဆောင်းကြပြီးနောက် ရရှိလာသည့် စုဆောင်းငွေစတာလင်ပေါင် ၂၈ ပေါင်ဖြင့်မတည်ကာ ရော့ခ်ဒေးလ်ကုန်စုံဆိုင်သမဝါယမအသင်းကို တည်ဆောက်ကြသည်။ အသင်း၏ရည်ရွယ်ချက်အနေဖြင့်လည်း စားသောက်ကုန်နှင့် အဝတ်အထည်ရောင်းသည့် ကုန်စုံဆိုင်တည်ထောင်ရန်၊ အသင်းသားများအတွက် နေအိမ်များဝယ်ရန် သို့မဟုတ် ဆောက်လုပ်ရန်၊ အလုပ်လက်မဲ့ဖြစ်နေသည့် အသင်းသားများအတွက် ကုန်ထုတ်အလုပ်ရုံများဖွင့်ရန်၊ အလုပ်လက်မဲ့အသင်းသားများ၊ လုပ်ခနည်းသည့် အသင်းသားများ ဝင်ငွေရရှိရေးအတွက် စိုက်ပျိုးရေးလုပ်ကိုင်နိုင်ရန် လယ်ယာမြေများဝယ်ရန် သို့မဟုတ် ငှားရန်၊ လက်တွေ့လုပ်ကိုင်နိုင်သည့်အချိန်တွင် စုပေါင်းကျေးရွာတစ်ခုတည်ဆောက်ရန်၊ အသင်းက ဖွင့်လှစ်နိုင်သည့်အချိန်တွင် ဟိုတယ်တစ်ခုဖွင့်လှစ်ရန် တို့ဖြစ်သည်။
ခံစားချက်တူသည့် အသင်းသားများ၏ ပြင်းပြသောဆန္ဒဖြင့် ရည်ရွယ်ချက်ကို တိတိကျကျချမှတ်ကာ စနစ်တကျ ကြိုးကြိုးစားစားဆောင်ရွက်ခဲ့သည့် ရော့ခ်ဒေးလ်သမဝါယမသည် အခြေခိုင်မာစွာဖြင့် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ခဲ့သလို ကမ္ဘာကစံပြုရသည့် ပထမဆုံး သမဝါယမပင်ဖြစ်သည်။ အင်္ဂလိပ်၏ကိုလိုနီဖြစ်သော အိန္ဒိယနိုင်ငံတွင် ၁၉၀၄ ခုနှစ်မှစ၍ သမဝါယမလုပ်ငန်းများပေါ်ပေါက်လာပြီး မြန်မာနိုင်ငံတွင်မူ ၁၉၀၄ ခုနှစ် ဒီဇင်ဘာလတွင် မေမြို့ (ပြင်ဦးလွင်မြို့) ၌ ပထမဆုံးသမဝါယမဌာနကို ဖွင့်လှစ်၍ ပထမဦးဆုံး သမဝါယမမင်းကြီးအဖြစ် မစ္စတာအိတ်ချ်ဖီးလ်ဒင်း ဟောလ်အားခန့်အပ်ခြင်းမှ မြန်မာနိုင်ငံတွင် သမဝါယမလုပ်ငန်း စတင်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး သမဝါယမအသင်းအဖြစ် မြင်းမူမြို့နယ် ငွေစုငွေချေး သမဝါယမအသင်းကို ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ဖွဲ့စည်းမှတ်ပုံတင်ပေးခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအက်ဥပဒေအရ သမဝါယမဗဟိုဘဏ်များ၊ အခြေခံကျေးလက် ငွေစုငွေချေးအသင်းများ၊ ယူနီယမ်ခေါ်အသင်းစုများ၊ ခရိုင်သမဝါယမအသင်းများ၊ အသင်းစုချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သမဝါယမကောင်စီတို့ ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့သည့် သမဝါယမသည် ပြောင်းလဲလာခဲ့သည့် ဥပဒေနှင့်အညီပင် စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူညီသော အသင်းသားများနှင့်ဖွဲ့စည်းကာ အမှုဆောင်အဖွဲ့ကိုလည်း ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်၍ စီးပွားရေးလုပ်ငန်းများကိုလည်း အသင်းသားများ၏ဆန္ဒနှင့်အညီ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုစသည့်ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် သမဝါယမအသင်းပေါင်း ၃၉၀၀၀ ကျော် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ကုန်ထုတ်လုပ်မှုတွင် ၈၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုတွင် ၁၁ ရာခိုင်နှုန်း၊ ကုန်သွယ်မှုတွင် ၈ ရာခိုင်နှုန်း ဆောင်ရွက်နေကြသည်။
သမဝါယမစနစ်သည် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်စွာကျင့်သုံးနေသည့် စနစ်တစ်ခုဖြစ်ပြီး မှန်ကန်စွာ၊ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်သည်နှင့်အမျှ အကျိုးဖြစ်ထွန်းစေနိုင်သည်နှင့်အညီ မိမိနိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေစွာ တိုးတက်ဖွဲ့စည်းဆောင်ရွက်သွားကြရန် နှိုးဆော်လျက် ဒီဇင်ဘာ ၁၈ ရက်တွင် ကျရောက်မည့် မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း ၁၂၁ ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုအပ်ပါကြောင်း။ ။
