Skip to main content

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ်ပြည်ပနိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့

 

နေပြည်တော်၊ နိုဝင်ဘာ ၁၃

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် ပြည်ပနိုင်ငံ အကြီး အကဲများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

အဆိုပါသဝဏ်လွှာများမှာ -

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဘူတန်နိုင်ငံ၏ စတုတ္ထမြောက်ဘုရင်မင်းမြတ် ဂျစ်မီ၊ဆင်း(ဂ်)ရိ၊ ဝန်ချွတ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ"

မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အဆွေတော်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာပြည်သူများသည် ငြိမ်းချမ်းသာယာ ဝပြောရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ၎င်းတို့၏ ပြင်းပြသောဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည့် အဆွေတော်၏ပါတီအပေါ် ယုံကြည်ချက်အပြည့်ဖြင့် ထောက်ခံအားပေးခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အဆွေတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ အဆွေတော်၏ သံတမန်စွမ်းရည်ပြည့်ဝမှုဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် အနောက်နိုင်ငံများနှင့်ပါ ပိုမိုကောင်းမွန်သော ဆက် ဆံရေးကို အောင်မြင်စွာ ဆက်လက်ဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရင်ဒရာ မိုဒီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ"

မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အဆွေတော်နှင့် အဆွေတော်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ခြင်း သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် နောက်ထပ် အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန် အဆွေတော်နှင့်အတူ ဆက်လက်ဖော်ဆောင် သွားရန် မျှော်လင့်ပါကြောင်း။    

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးထံမှပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ"

မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ထမ်မံအနိုင် ရရှိရေးအတွက် ဦးဆောင်မှုပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဤရွေးကောက်ပွဲ ရလဒ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့် နိုင်ငံအတွက် မျှော်မှန်းချက်များအပေါ် မြန်မာပြည်သူများ၏ ယုံကြည်ကိုးစားမှုရှိကြသည်ကို ထင်ဟပ်လျက်ရှိကြောင်း။

မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် မိတ်ဆွေဟောင်းများဖြစ်ကြပြီး ကာလရှည်ကြာလက်တွဲလာသည့် မိတ်ဖက်များလည်း ဖြစ်ကြပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအပါအဝင် ကဏ္ဍစုံတွင် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင် ရွက်လျက်ရှိကြပါကြောင်း၊ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့စဉ်ကပင် ကုန်စည်ထောက်ပံ့မှုကွန်ရက် ထိန်းသိမ်းဆောင်ရွက်ရေး၊ ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်နှင့် အကောင်းမွန်ဆုံးသော လုပ်နည်းကိုင်နည်းများအား မျှဝေခြင်း၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့တွင် ရောက်ရှိနေကြသည့် မိမိတို့သက်ဆိုင်ရာ နိုင်ငံသားများ၏ လိုအပ်ချက်များကို အပြန်အလှန်အကူအညီများ ပေးအပ်ခြင်းတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ မိမိအနေဖြင့် ရှိရင်းစွဲဆက်ဆံချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ခိုင်မာလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကဏ္ဍသစ်များ  ရှာဖွေဖော်ထုတ်သွားရန် အဆွေတော်နှင့်အတူ ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း။

အဆွေတော် အောင်မြင်မှုများ ဆက်လက်ရရှိစေရန်၊ ကျန်းမာရွှင်လန်းစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းနှင့် စင်ကာပူနိုင်ငံသို့ အဆင်ပြေသည့်အချိန်တွင် ထပ်မံလာရောက်လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ"

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ အထွေထွေရွေး ကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အောင်မြင် မှုရရှိခဲ့ခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထိုင်းအစိုးရနှင့် ပြည်သူများကိုယ်စား ပြောကြားလိုပါကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အားသောင်းသောင်းဖြဖြ၊ လှိုက်လှိုက် လှဲလှဲ ထောက်ခံခဲ့ကြခြင်းသည် အဆွေတော်အပေါ်၌ မြန်မာပြည်သူများ၏ အခိုင်အမာ ယုံကြည်မှုကို ရှင်းလင်းစွာ ထင်ဟပ်ပြသနေခြင်းဖြစ်သကဲ့သို့ လွန်ခဲ့သည့် (၅)နှစ်တာကာလအတွင်း အဆွေတော်၏ ဦးဆောင်မှုအပေါ် အခိုင်အမာထောက်ခံလိုက်ခြင်းပင် ဖြစ်ပါကြောင်း။

ယခုအချိန်အခါသမယတွင် Natural Strategic Partner ဖြစ်သည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမို ခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်လာစေရန် အဆွေတော်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ကို မိမိအနေဖြင့် ထပ်လောင်း ကတိပြု ပြောကြားလိုပါကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် အဆွေတော်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့စဉ်က ပြောကြားခဲ့သည့်အတိုင်း COVID-19 ကပ်ရောဂါဘေးကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကူအညီပေးရန် ထိုင်းနိုင်ငံအနေဖြင့် အဆင်သင့် ရှိနေပါကြောင်း။

မိမိအနေဖြင့် COVID-19 ကပ်ရောဂါဘေး လျော့ကျလာသည့်အချိန်တွင် တွေ့ဆုံခွင့်ရရန်နှင့် ကိုယ်တိုင် ဂုဏ်ပြု စကားပြောကြားရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်လျက်ရှိပါကြောင်း။

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ် နန်ထံမှ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ"

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူများ၏ထောက်ခံမှုကို ထူးကဲအောင်မြင်စွာ ရရှိခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း၊ ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်အတွက် အရေးကြီးသည့်မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏မိတ်ဆွေနိုင်ငံနှင့် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများအတွက် ဆုမွန်ကောင်းပို့သလိုက်ပါကြောင်းနှင့် မိမိတို့နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရန်အတွက် မြန်မာအစိုးရနှင့်အတူ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။