နေပြည်တော် ဒီဇင်ဘာ ၆
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဒီဝါကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့်ပြည်သူများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လှူဒါန်းလျက်ရှိသည်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဆေးဝါးနှင့်ဆေးပစ္စည်း ၂၆ မျိုး တန်ချိန် ၆ ဒသမ ၉၃၈ တန်၊ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် သွားတိုက်ဆေးဘူး ၅၀၀၀၀ နှင့် သွားတိုက်တံအချောင်း ၅၀၀၀၊ တန်ချိန် ၂ ဒသမ ၂၆၂ တန် စုစုပေါင်း တန်ချိန် ၉ ဒသမ ၂ တန်ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ သီရိလင်္ကာနိုင်ငံသို့ သွားရောက်ပို့ဆောင်လှူဒါန်းသည်။
အဆိုပါလှူဒါန်းမှုများအပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်တန်ချိန် ၅၀၀ တို့ကိုလည်း ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ရာ လှူဒါန်းမှုတန်ဖိုး စုစုပေါင်း မြန်မာငွေကျပ် ၁၃၅၈ ဒသမ ၄၄ သန်းဖြစ်ကြောင်းသိရသည်။
သတင်းစဉ်
