Skip to main content

ပြည်ပနိုင်ငံများရောက် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံ သို့ပြန်လည်ခေါ်ဆောင်ခဲ့

 

နေပြည်တော် နိုဝင်ဘာ ၁၃

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံ တွေ့နေ ရသည့်  မြန်မာနိုင်ငံသားများကို တဲလ်အဲဗီးမြို့ရှိ မြန်မာသံရုံးမှ  စီစဉ်သည့်  သတ္တမကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း (MAI)  ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် Century Miracle ကုမ္ပဏီတွင် အလုပ်လုပ် ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၄၂) ဦး၊ Camel and Vega ကုမ္ပဏီမှ (၁၂၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၆) ဦး ပါရှိကြောင်း သိရသည်။

အလားတူ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အနီးတစ်ဝိုက်ဒေသများတွင် အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၂၁၄)ဦး ကို ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် ဒုတိယကြိမ် မြောက် TUI လေကြာင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့အဆင်ပြေ ချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။          

ထို့ပြင်  စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၂)ဦးကို စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)  ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီ မိနစ် ၄၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့် စီစဉ်ပေး သည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ် ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိ နှိုင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

(သတင်းစဉ်)